မဲခေါင်၊ ဒီဇင်ဘာ ၁၈
– စေ့စပ် ညှိနှိုင်းလိုသူများ အနေဖြင့် ထိုင်းနိုင်ငံကို လာရောက် ပြောဆိုနေမည့်အစား ပစ်ခတ်မှုများနှင့် ထိုင်းနိုင်ငံကို တိုက်ခိုက်နေခြင်းများ ရပ်တန့်ရန် ကမ္ဘောဒီးယားကိုသာ ပြောဆိုသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။တရုတ်အထူးသံက ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ရန် ညှိနှိုင်းနေသည် ဆိုသောသတင်းနှင့် ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိရသေးကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။
– ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးအနေဖြင့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် နှင့် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းသို့ ပြန်လည်ဝင်ရောက်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ယနေ့ တောင်းဆိုလိုက်သည်။ လူနေထူထပ်သော နေရာများတွင် ပေါက်ကွဲအားပြင်းသည့် လက်နက်များကို အသုံးပြုနေခြင်းသည် အရပ်သားများအတွက် ကြီးမားသောအန္တရာယ် ဖြစ်စေသည့်အပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
– ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ အတွင်းရှိ စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထိုင်းလေတပ်က အတည်ပြုပြောကြားသည်။ ယင်းတိုက်ခိုက်မှုသည် အာရညပရာထက် ခရိုင် နှင့် မျက်နှာချင်းဆိုင်ရှိ ကမ္ဘောဒီးယား၏ ပွိုင်ပက်နှင့် သီရိသုဘုံ ခရိုင်တို့ရှိ စစ်တပ်စခန်းများ၊ လက်နက်ခဲယမ်း သိုလှောင်ရုံ များနှင့် ယမ်းဂိုထောင်များကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
– ယနေ့ နံနက်ပိုင်းတွင် ဥဘွန်ရတ်ချာဌာနီပြည်နယ်၊ နမ်ယွန်းခရိုင်ရှိ ချောင်အန်မာ စျေးဧရိယာကို အပြီးသတ် ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း ထိုင်းစစ်တပ်က ဓာတ်ပုံများနှင့် တကွ ထုတ်ပြန်ခဲ့သည်။ ယင်းနေရာသည် ယခင်က ကမ္ဘောဒီးယားဘက်မှ ကျူးကျော်ဝင်ရောက်ကာ စျေးဆိုင်များနှင့် အဆောက်အအုံများ ဆောက်လုပ်ခဲ့သည့် နေရာဖြစ်ပြီး ယခုအခါ ထိုင်းဘက်က အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထိုင်းစစ်တပ်က ဆိုသည်။ ယခင် သတင်းများအရ ယင်းနေရာရှိ အဆောက်အအုံဟောင်းများနှင့် ကာစီနိုရုံဟောင်းများကို ကမ္ဘောဒီးယားတပ်ဖွဲ့များက ဒရုန်းစစ်ဆင်ရေး စခန်းများအဖြစ် အသုံးပြုခဲ့သည်ဟု ထိုင်းစစ်တပ်က ယူဆခဲ့ပြီးနောက် ယခုကဲ့သို့ အမြစ်ပြတ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
– အောက်တိုဘာ ၂၆ ရက်နေ့တွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲကြေညာချက်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ထိုင်းစစ်တပ်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ကမ္ဘောဒီးယား၏ အမှတ် (၄)နှင့် အမှတ်(၅) စစ်ဒေသ ဧရိယာများအတွင်း ဆက်တိုက် တိုက်ခိုက်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး မာလီဆိုချီတာက စွပ်စွဲပြောကြားသည်။
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ








