မဲခေါင် ၊ ဒီဇင်ဘာ ၁၇
စစ်ကောင်စီ၏ လုပ်ရပ်များသည် မြန်မာပြည်အား ကျရှုံးနိုင်ငံအဖြစ် အဆုံးစွန်ထိ တွန်းပို့နေသည်ဟု တအာင်းတပ် ဖွဲ့-TNLA နှင့် ကိုးကန့်တပ်ဖွဲ့ – MNDAA တို့က ဆိုသည်။
စစ်ကောင်စီက မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီး အပါအဝင် ရခိုင်ပြည်တစ်ဝန်းလုံးအား ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့သည့် ရာဇဝတ်မှု လုပ်ရပ်အပေါ် ကန့်ကွက် ရှုတ်ချကြောင်း ဒီဇင်ဘာ ၁၆ ရက်ညတွင် ထုတ်ပြန်ချက်တွင် ၎င်းတို့က ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ပြည်သူလူထုအား ဦးတည် ပစ်မှတ်ထား တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် ထိခိုက် သေဆုံးစေသော စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်နေသည့် စစ်ကော်မရှင်၏ လုပ်ရပ်များသည် မြန်မာပြည်အား ကျရှုံးနိုင်ငံ အဖြစ်သို့ အဆုံးစွန်ထိ တွန်းပို့နေခြင်း ဖြစ်သည်”ဟု MNDAA နှင့် TNLA ၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့သို့ စစ်ကောင်စီ၏ လုပ်ရပ်များကို ရပ်တန့်စေရန်အတွက်လည်း ကမ္ဘာ့ အသိုင်းအဝိုင်းက ကူညီပေးရန် MNDAA နှင့် TNLA က တောင်းဆိုထားသည်။
“မြန်မာစစ်ကော်မရှင်၏ ထိုလုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်ရေးအတွက် ကူညီဆောင်ရွက် ပေးကြပါရန် လူသား ချင်းစာနာ ထောက်ထားသော ယဉ်ကျေးသော လူ့အဖွဲ့အစည်း ဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံ အစိုးရတို့အား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်”ဟု ၎င်းတို့က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် မြောက်ဦးနှင့် ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီက အရပ်သား နေရာများကို ဗုံးကြဲ တိုက်ခိုက်သဖြင့် ပြည်သူ ၄၂ ဦးသေဆုံးပြီး ၉၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ရခိုင်ပြည် တစ်ဝန်းလုံး အပါအဝင် မြန်မာပြည်အနှံ့ရှိ စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သား ပြည်သူများ စုဝေးနေထိုင်ရာ နေရာများကိုလည်း ဦးတည် ပစ်မှတ်ထားကာ နေ့စဉ် ဗုံးကြဲ တိုက်ခိုက်နေသည်။
#MeKongNews
#ကျရှုံးနိုင်ငံ
#စစ်ကောင်စီ
#တွန်းပို့
#TNLA
#MNDAA








