မဲခေါင်၊ ဒီဇင်ဘာ ၁၆
၎င်း၏ မိန့်ခွန်းများအား ဖြတ်ညှပ်ကပ် ဖန်တီးခဲ့သည့် ဗြိတိန် နာမည်ကြီး မီဒီယာ BBC ကို တရားစွဲမည်ဟု ဒီဇင်ဘာ ၁၅ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြုခဲ့သည့်အတိုင်း ယနေ့တွင် အမှန်တကယ်ပင် တရားစွဲခဲ့ပြီး အသရေဖျက်မှုအတွက် နစ်နာကြောင်း ဒေါ်လာ ၁၀ ဘီလီယံ (ပေါင် ၇ ဒသမ ၅ ဘီလီယံ) အထိ တောင်းဆိုလိုက်ပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန် လွှတ်တော် ကက်ပီတိုလ်ကို ထောက်ခံသူများ ဝင်ရောက် စီးနင်းရန် ကြိုးစားမှုအတွက် အဓိကခိုင်းစေ မြှောက်ပင့်ပေးသူအဖြစ် ၎င်းအား ဘီဘီစီက ပုံဖော်ခဲ့ကြောင်း ထရမ့်က ဆိုထား သည်။
နာမည်ကြီး လျှို့ဝှက်ချက်များအား ဖော်ထုတ်သည့် Panorama အစီအစဉ်တွင် ဒေါ်နယ်ထရမ့် မိန့်ခွန်း များကို တင်ပြရာ၌ စကားလုံးများအား လိုရာ ဖြတ်တောက်ယူခြင်း၊ ကက်ပီတိုလ် ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်ပြီး ထရမ့်၏ ပြောကြားချက်တွင် “ ငါတို့ ကက်ပီတိုလ်ကို လျှောက်ဝင်သွားမယ်။ ရဲရင့်တဲ့ အထက်လွှတ် တော်အမတ်တွေ၊ လွှတ်တော်အမတ်တွေကို အားပေးသွားမယ်။ ပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမယ်၊ ကျွန်တော်တို့ အရူးလို တိုက်ပွဲဝင်သွားမယ်။ ဒီလိုမှ အရူးလို မတိုက်ခိုက်ရင် ခင်ဗျားတို့အတွက် နိုင်ငံတစ်နိုင်ငံဆိုတာ ရှိလာမှာ မဟုတ်ဘူး” ဟု ဘီဘီစီက ဖော်ပြသွားခဲ့သည်။
အမှန်တကယ် ထရမ့်ပြောခဲ့သည်မှာ “ ကျွန်တော်တို့ ကက်ပီတိုလ် အဆောက်အဦကို လျှောက်သွားပြီး ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့ အထက်လွှတ်တော် အမတ်တွေ၊ လွှတ်တော် အမတ်တွေကို အားပေးသွားမှာပါ” သာဖြစ်သောကြောင့် မှားယွင်းစီမံ တည်းဖြတ်မှုအတွက် ဘီဘီစီဘက်မှ ဒေါ်နယ်ထရမ့်ကို တောင်းပန်ခဲ့ပြီး ဖြစ်သကဲ့သို့ ယင်းအစီအစဉ်ကို ဦးဆောင် တင်ဆက်သည့် ဒါရိုက်တာဖြစ်သူ တင်မ်ဒေးဗီးစ်လည်း နိုဝင်ဘာ ၉ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
သို့သော် မိမိအား ဂုဏ်သရေ ပျက်စေရန် လွန်ကျူးသော ဖန်တီး တည်းဖြတ်မှုများ၊ ပြောစကားများကို ပြင်ဆင်ကာ လိုရာစွဲပြီး ရာဇဝတ်မှုကျူးလွန်သူကဲ့သို့ လုပ်ကြံတင်ပြခဲ့သည့် ဘီဘီစီကို တရားစွဲဆိုမည်ဟု ဒေါ်နယ်ထရမ့်က ယခင်ကတည်းက ကတိပြုထားသည့် အတိုင်း ယခုကဲ့သို့ တရားစွဲလိုက်ခြင်း ဖြစ်သည်။
ယခင်ပြောခဲ့စဉ်က ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံအထိ နစ်နာကြေး တောင်းမည်ဟု ဆိုခဲ့သော်လည်း ယခုတွင် ဒေါ်လာ ၁၀ ဘီလီယံအထိ ရလိုကြောင်း တိုးမြှင့် တရားစွဲသွားခြင်း ဖြစ်သည်။
ထိုသို့ တရားစွဲရခြင်းမှာ မိမိ ပါးစပ်အတွင်းသို့ မိမိမပြောသည့် စကားလုံးများကို ထိုးထည့်ကာ ကြောက်စရာ စကားလုံးများ အဖြစ် ပြောင်းလဲ ဖန်တီးမှုကြောင့်ဟု ထရမ့်ကပြောကြားပြီး ၎င်းအနေဖြင့် AI ဖြင့် ဘာသာပြန် အသုံးပြုသည်လားဟုပင် ထင်ယောင်ထင်မှား ဖြစ်ရသည်ဟု ဆိုခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဘီဘီစီ
#မိန့်ခွန်း
#နစ်နာကြေး
#ဒေါ်နယ်ထရမ့်
#တရားစွဲ








