မဲခေါင်၊ ဒီဇင်ဘာ ၁၆
ယူကရိန်း၏ အဆင့်အမြင့်ဆုံး နည်းပညာဖြင့် ထုတ်လုပ်ထားသော ရေအောက်ကာမီကာဇီဒရုန်း (Sub Sea Baby) လက်ချက်ဖြင့် ရုရှားနိုင်ငံ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားကာ အသစ်တီထွင် ထုတ်လုပ်နေသည့် ရေငုပ်သင်္ဘောကို တန်းတန်းမတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းအား ယူကရိန်း ထောက်လှမ်းရေး (SBU) က ထုတ်ဖော်ပြသခဲ့ရာ ပူတင်အတွက် မခံမရပ်နိုင် ဖြစ်စေမည့် အနေအထား ဖြစ်လာခဲ့သည်။
ကိဗ်မြို့နှင့် ၁၅၇၅ ကီလိုမီတာအဝေးတွင် ရှိသော ပင်လယ်နက်ရှိ နိုဗိုရော့စ်ဆီယက်ခ်စ် ဆိပ်ကမ်း၌ အခြား စစ်သင်္ဘောများခြံရံကာ တည်ဆောက်နေသော နေတိုးအခေါ် တွင်းနက်ကြီး (Black Hole) အမည်ရ ဒီဇယ် လျှပ်စစ်အင်ဂျင်သုံး ၂၄၃ ပေရှည်လျှားသည့် ရေငုပ်သင်္ဘောကို ယူကရိန်း၏ ရေအောက်သွား ရေငုပ်သင်္ဘောဖျက် ဒရုန်းဖြင့် ပစ်ခတ်ရာတွင် အပျက်အစီး အပိုင်းအစများစွာ အနီးအနား တစ်ဝိုက် လွင့်ထွက်သွားသည်ကို ရုပ်သံမှတ်တမ်းတွင် မြင်တွေ့ရသည်။
ယင်းရေငုပ်သင်္ဘော ကိုယ်ထည်သည် ရေအောက် ဆိုနာ အသံလှိုင်းစနစ် ဖမ်းယူရရှိရန် ခက်ခဲသလို ပင်လယ်နက်အတွင်း ယူကရိန်းအား ရေကြောင်း ဖြတ်တောက် ပိတ်ဆို့မှု လုပ်နိုင်ရေး အထူးပြု တည်ဆောက်ထားကာ တည်ဆောက်စဉ် တန်ကြေး ပေါင်သန်း ၃၀၀ ရှိသော်လည်း ယခု ထိခိုက်ပျက်စီးမှု များပြားခြင်းကြောင့် ပြန်လည် ပြင်ဆင် တည်ဆောက်လျှင်ပင် ပေါင် ၃၇၅ သန်းအထိ ကုန်ကျနိုင်မည်ဟု SUB အကြီးအကဲတစ်ဦးက သုံးသပ် ထုတ်ပြန်ခဲ့သည်။
ရေငုပ်သင်္ဘောတစ်စီးအား ရေအောက်ဒရုန်းဖြင့် တိုက်ခိုက် ဖောက်ခွဲနိုင်မှုသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်ခဲ့ကာ ယူကရိန်း၏ နည်းပညာများသည် စစ်ပွဲကာလအတွင်း အလွန်မြင့်မား တိုးတက်လာခဲ့ပြီး မကြာသေးမီ ရက်ပိုင်းများက ပင်လယ်နက်အတွင်းမှ ရုရှားရေနံတင် သင်္ဘောများကိုလည်း Sea Baby ဒရုန်းများဖြင့် ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နိုင်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ယူကရိန်း
#အသေခံဒရုန်းဖြင့်
#ရေငုပ်သင်္ဘော
#ဖောက်ခွဲ








