မဲခေါင်၊ ဒီဇင်ဘာ ၁၅
ကျားဖြန့် ကွန်ရက်များ၏ ဗဟိုချက်ဖြစ်သည်ဟု ကမ္ဘာက ယုံကြည်ထားသည့် ကမ္ဘောဒီးယား စစ်တပ် အသုံးပြုနေသည့် စစ်လက်နက်များထဲ တရုတ်၏ နောက်ဆုံးထုတ် တင့်ဖျက် ပဲ့ထိန်းဒုံးကျည်များပါဝင်ကြောင်း ထိုင်းမီဒီယာများက ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။
ထိုင်းတပ်များသည် အငြင်းပွား နယ်စပ်ဒေသ ချောင်အန်မာအရပ် တောင်ကုန်းအမှတ် (၅၀၀) အား တက်သိမ်းရာတွင် ယခု ၂၀၂၅ ခုနှစ်အစပိုင်းကမှ တရုတ်မှ ထုတ်လုပ်ခဲ့သည်ဟု အတည်ပြုခဲ့သော အလေးချိန် ၅၂ ကီလိုဂရမ်၊ တန်ကြေးအားဖြင့် ဘတ် ၃ ဒသမ ၅၃ သန်းတန် GAM – 102R တင့်ဖျက် ဒုံးကျည်များကို သိမ်းဆည်းမိခဲ့ခြင်း ဖြစ်သည်။
ထိုဒုံးကျည်များသည် အမေရိကန်ထုတ် FGM -148 Javelin တင့်ကားဖျက်ဒုံး ပုံစံအတိုင်း တုပ ထုတ်လုပ်ထားခြင်း ဖြစ်ကာ တင့်ကား ဖျက်ဆီးခြင်းသာမက ဘန်ကာများကိုပါ ချေမှုန်း တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ထိုင်း BPS မီဒီယာက ဖော်ပြခဲ့သည်။
လက်ရှိတွင် ကမ္ဘောဒီးယားဘက်မှ BM – 21 ရောကတ်များဖြင့် ပစ်ခတ်မှုအများဆုံး လုပ်ဆောင်နေပြီး ထိုင်းစစ်တပ်ဘက်မှ စစ်သည် ၁၆ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ထားကာ ကမ္ဘောဒီးယားဘက်ကမူ ထိခိုက် သေဆုံးမှုအတွက် ထုတ်ပြန်ခြင်း မရှိသေးပေ။
ကိုကလင်း
Ref:ThaiBPS
#MeKongNews
#ကမ္ဘောဒီးယား
#တရုတ်ထုတ်
#တင့်ဖျက်ဒုံးကျည်
#ထိုင်းသိမ်းဆည်း








