မဲခေါင်၊ ဒီဇင်ဘာ ၁၂
ဒီဇင်ဘာ ၁၂ ရက်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ပွဲ ၆ ရက်မြောက် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက် သတင်းများအရ ထိုင်းဘက်မှ စစ်သား ၉ ဦးကျဆုံးကာ ကမ္ဘောဒီးယားဘက်မှ ၁၀၂ ယောက်ကျဆုံး၊ T-55 တင့်ကား ၆ စီးပျက်စီး၊ BM-21 ရော့ကတ်လောင်ချာတစ်ခုပျက်စီး၊ ဒရုန်း ၆၄ စင်းနှင့် ဒရုန်းဖျက်စနစ်တစ်ခုတို့ ပျက်စီးခဲ့သည်ဟု ထိုင်းမီဒီယာတစ်ခုက ဖော်ပြသွားခဲ့သည်။
နောက်ဆုံးဖြစ်ပွားနေသည့် ပြဿနာမှာ နှစ်နိုင်ငံနယ်စပ် ပိုင်နက်အငြင်းပွားနေရာမှ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဘုရားကျောင်းများ၊ အဆောက်အအုံဟောင်းများ ထိခိုက်ပျက်စီးမှုများ ရှိနေခြင်းဖြစ်ပြီး တာ့ခွိုင်နှင့် ပရီယာဝိဟာရရှေးဟောင်းဘုရားကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့သည်။
ယင်းအခြေအနေသည် ၁၉၅၄ ခုနှစ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စောင့်ရှောက်ရေး ကွန်ဗင်းရှင်း ကို ချိုးဖောက်ရာရောက်သဖြင့် ယူနက်စကိုက မထိခိုက်စေရေး တိုက်တွန်းခဲ့သည်။
သို့သော် ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်ထိုင်းဆူဗရီးက ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ခံတပ်အဖြစ် တပ်စွဲနေသည်မှာ ကမ္ဘောဒီးယားစစ်တပ်ဘက်မှသာဖြစ်သောကြောင့် မိမိတို့တိုက်ခိုက်မှုများသည် ကာကွယ်ရေးမူဘောင်ထဲမှသာ ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်စောင့်ရှောက်ရေး ဥပဒေကို ချိုးဖောက်သည်မှာ ကမ္ဘောဒီးယားသာ ဖြစ်သည်ဟု ပြန်လည်တုံ့ပြန် ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#ယူနက်စကို








