မဲခေါင်၊ ဒီဇင်ဘာ ၁၂
ယူကရိန်းလျှို့ဝှက်စစ်ထောက်လှမ်းရေးအဖွဲ့ (SBU) က ၂ ပတ်အတွင်း ၃စီးမြောက် ရုရှားရေနံတင်သင်္ဘောကို ပင်လယ်နက်အတွင်း ပင်လယ်ဘေဘီဒရုန်းဖြင့် တိုက်ခိုက်ဖောက်ခွဲခဲ့သည့် ရုပ်သံမှတ်တမ်း များထုတ်ဖော်ပြသလာခဲ့သည်။
ယင်းမှတ်တမ်းတွင် အီးယူ၊ ယူကေ၊ ကနေဒါ၊ ဩစတြေးလျနှင့်ဆွစ်ဇာလန်တို့မှ ပိတ်ဆို့အရေးယူ ထားသည့် ဒါရှန်ရေနံတင်သင်္ဘောကို ရုရှား၏နိုဗိုရော့စ်ဆစ်ဗ်ဆိပ်ကမ်းအနီး ပင်လယ်ဘေဘီဒရုန်းများ က ဝိုင်းပတ်ထားပြီး တစ်စီးပြီးတစ်စီး ဝင်တိုက်ကာ ဖောက်ခွဲသည့်မြင်ကွင်းများတွေ့ရှိရကာ အနည်းဆုံး ဒရုန်း ၂ စီးသည် သင်္ဘောအား ဆိုးရွားစွာ ပျက်စီးပေါက်ကွဲလောင်ကျွမ်းစေမှုဖြစ်စေခဲ့သည် ကို မြင်တွေ့ခဲ့ရသည်။
ဒါရှန်ရေနံတင်သင်္ဘောသည် ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားအတွက် ပင်မ ဝင်ငွေရရှိ စေသော ရေနံများသယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်ကာ ရုရှား၏ ပင်လယ်နက် မှောင်ခိုရေယာဉ်စု အတွင်း ကိုမိုရော့စ်အလံတင်ကာ ခိုးကြောင်ခိုးဝှက် ပြေးဆွဲနေသော သင်္ဘောဖြစ်သည်။
သင်္ဘောတန်ကြေး တစ်ခုတည်း ပေါင် ၂၂ ဒသမ ၅ သန်းတန်ပြီး ရေနံစိမ်းတန်ကြေးပေါင် ၅၅ သန်းဖိုး သယ်ဆောင်နိုင်သည့်သင်္ဘောလည်း ဖြစ်သည်။
ယူကရိန်း၏ တန်ကြေးနည်းပါးသော ပင်လယ်ဘေဘီဒရုန်းများ၏ အစွမ်းသည် ၂ ပတ်အတွင်း ပင်လယ် နက်ထဲ၌ ရုရှားရေနံတင်သင်္ဘော ၃ စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ၂၉ ရက်က ယခုလိုပင် ဥရောပမှပိတ်ဆို့အရေးယူထားသည့် ကိုင်ရိုနှင့် ဗီရတ်ရေနံတင်သင်္ဘော ၂ စီးကိုလည်း တိုက်ခိုက်ဖောက်ခွဲနိုင်ခဲ့သည်။
စစ်ရေးကျွမ်းကျင်သူများက ယူကရိန်း၏ ပင်လယ်ဘေဘီဒရုန်းသည် သင်္ဘောကိုယ်ထည်တွင် သံလိုက် ဖြင့် ကပ်နေပြီးမှ ချိန်ကိုက်ဖောက်ခွဲသည့် မိုင်းစနစ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ထင်မြင်သုံးသပ် နေကြသော်လည်း ယူကရိန်းထောက်လှမ်းရေးဘက်မှ မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။
ယူကရိန်းသည် ပြီးခဲ့သည့် လပိုင်းများအတွင်း ရုရှား၏ ပင်မ ဝင်ငွေရင်းမြစ်ဖြစ်သော ရေနံချက် စက်ရုံများကို ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တာဝေးဒရုန်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကာ ရုရှားသမ္မတပူတင်ကို ဒေါသထွက်ပေါက်ကွဲစေခဲ့သလို ရုရှားနိုင်ငံအတွင်းမှာပင် ရေနံထွက်ကုန် လောင်စာဆီများ ပြတ်လပ်သည့် ဖြစ်စဉ် များစွာရှိခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ရေနံတင်သင်္ဘော
#ပင်လယ်နက်








