မဲခေါင်၊ ဒီဇင်ဘာ ၁၁
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် ဥက္ကဌ ဦးအေးမောင် ရပ်ကွက်အတွင်း စစ်မှုထမ်းလစဉ်ကြေးကောက်ခံခြင်း၊ ထောက်ခံစာပြုလုပ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း ကိစ္စများတွင် ငွေတောင်းကြမ်းနေသလို ရပ်ကွက်အတွင်းတွင် ပြည့်တန်ဆာခန်းများနှင့် ကထော့(ဘိန်းစာရွက်ရည်)ဆိုင်များကို လိုင်းကြေးယူပြီး ဖွင့်ခွင့်ပြုထားကြောင့် ဒေသခံများထံမှသိရသည်။
ဦးအေးမောင်သည် ရပ်ကွက်အတွင်းတွင် စစ်မှုထမ်းကင်းလွှတ်ခွင့်ရရန်အတွက် တစ်အိမ်ထောင်လျှင် လစဉ် ဘတ်၁၅၀၀မှ ဘတ်၂၀၀၀အထိငွေကောက်ခံနေကြောင်း၊ ထောက်ခံစာပြုလုပ်သူများထံမှလည်း ဘတ် ၁၀၀၀မှ ဘတ် ၃၀၀၀ ကြားတောင်းခံကြောင်း၊ ၎င်း လိုင်းကြေးယူကာ ဖွင့်လှစ်ခွင့်ပြုထားသည့် ကထော့ဆိုင်များနှင့် ပြည့်တန်ဆာခန်းများလည်း များစွာရှိကြောင်း ဝိန်းကျောက် ရပ်ကွက်နေထိုင်သူများက ပြောသည်။
“သူ့ကိုက အုပ်ချုပ်ရေးမှူးဖြစ်မယ်လို့ သတင်းထွက်ကတည်းက ရပ်ကွက်နေပြည်သူတွေက မကြိုက်တာ။ သူက ရပ်ကွက်နဲ့အဆင်မပြေဘူး။ ငွေတောင်းလည်းကြမ်းတယ်” ဟု ဝိန်းကျောက်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ကထော့ဆိုင်များ ဖွင့်ခွင့်ပြုသောကြောင့် ယင်းရပ်ကွက်ရှိ အရွယ်ရောက်ပြီးသား လူငယ်များသာမက အရွယ်မရောက်သေးသည့် ကလေးများလည်း သောက်သုံးနေသည့်အတွက် မိဘများ စိုးရိမ်နေရကြောင်း၊ တာချီလိတ်မှ လူငယ်များမှာ ကထော့စွဲလမ်းကာ လူမှုစီးပွား ထိခိုက်မှုများ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
“အေးမောင်ကိုက စပြီးခန့်မယ်လို့ နာမည်ထွက်ကတည်းက ဘယ်သူမှ မကြိုက်ဘူး။ အခုလည်း ပြောတဲ့အတိုင်းပဲလုပ်စားနေတာပဲ။ ရပ်ကွက်ထဲမှာ ပိုပြီးဆိုးလာတာပဲရှိတယ်။ သူ့ကိုခန့်တာ ရပ်ကွက်နေပြည်သူဆန္ဒလုံးဝမပါဘူး။ ဒါကြောင့် အမြန်ဆုံး စိစစ်ပြီး အရေးယူပေးစေချင်ပါတယ်” ဟု ဝိန်းကျောက်ရပ်ကွက်နေ ရှမ်းအမျိုးသားတစ်ဦးက ပြောသည်။
ဝိန်းကျောက်ရပ်ကွက်သည် အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး ရှမ်းလူမျိုးအများစုနေထိုင်သည့် ရပ်ကွက်ကြီးဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ဝိန်းကျောက်ရပ်ကွက်
#ဝိန်းကျောက်
#အေးမောင်
#ကထော့ဆိုင်








