မဲခေါင်၊ ဒီဇင်ဘာ ၁
ဂျပန်နိုင်ငံ၏ အမျိုးသမီးဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်ကို တရုတ်ကျူးကျော်သိမ်းပိုက်လျှင် ထိုင်ဝမ်ဘက်မှ စစ်ရေးအရ ရပ်တည်ရမည်ဟု ပြောဆိုခဲ့ပြီးနောက် သမိုင်းကြွေးကြီးခဲ့သည့် တရုတ်နှင့် ဂျပန်တို့ စစ်မက်ဖြစ်ပွားခြင်းမှသည် တတိယကမ္ဘာစစ်ကြီး စတင်သွားနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူ များက သုံးသပ်ကြသည်။
တာကာအိချီပြောစကားကို တရုတ်အစိုးရက ဒေါသထွက်ပေါက်ကွဲကာ ထိုင်ဝမ်သည် မိမိတို့ အချုပ်အခြာအာဏာပိုင်ကျွန်းဖြစ်သောကြောင့် စစ်ရေးအရ သိမ်းပိုက်ရန်လည်း အသင့်ဟု တုံ့ပြန်ခဲ့သလို ကမ္ဘာစစ်ဖြစ်ရန်လည်း အသင့်အနေအထားရှိသည်ဟု တုံ့ပြန်ခဲ့သည်။
တရုတ်ဘက်က ထိုအရေးကြောင့် ဂျပန်သံအမတ်ကို ခေါ်ယူတွေ့ဆုံ သတိပေးကာ တရုတ်နိုင်ငံသားများ ဂျပန်သို့ မသွားရန် သတိပေးအမိန့်ထုတ်ပြန်ခဲ့သည်။
ဂျပန်ဘက်မှလည်း ထိုင်ဝမ်နှင့်အနီးဆုံး ယိုနာဂူနီကျွန်းသို့ မဟာ ဗျူဟာ ဒုံးကျည်များအား ကနဦးအစီအစဉ်ထက် စောပို့ဆောင်သွားရန် လုပ်ဆောင်နေပြီဖြစ်ကာ ဂျပန်၏ လုပ်ရပ်သည် ဒေသတွင်း တင်းမာမှုကိုမြင့်တက်စေသလို စစ်ရေးအရ ရန်လို စော်ကားခြင်းဟု ပြန် လည် ထုတ်ပြန်ခဲ့ကာ နာကျင်ခံစားရမည့် ပေးဆပ်မှုမျိုး ခံစားရလိမ့်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။
ထိုအခြေအနေများတွင် ဒုတိယကမ္ဘာစစ်ပြီးကတည်းက စစ်ကို စိတ်ကုန်ပြီး စစ်ရေးပြင်ဆင်မှုများ သိပ်မလုပ်ခဲ့သော ဂျပန်သည် ယခု စစ်ဆေးပြင်ဆင်မှုများတွင် များစွာရင်းနှီးမြှုပ်နှံနေပြီဖြစ်ရာ ထိုင်ဝမ် အရေးမှသည် တရုတ်နှင့်ဂျပန်တို့ စစ်ဖြစ်ပြီး တတိယကမ္ဘာစစ်ကြီး စတင်လာနိုင်သည်ဟု စစ်ရေး ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
အက်ပ်ဆလာတက္ကသိုလ်ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဌာန ပါမောက္ခ အာရွတ်ခ်ဆွင်းက တရုတ်နှင့် ဂျပန် တို့၏ လက်ရှိတင်းမားနေမှုသည် ဒေသတွင်းလုံခြုံရေးအတွက်သာမက ကမ္ဘာ့လုံခြုံရေးအတွက်ပါ ခြောက်လှန်လာနေကြောင်း၊ ချက်ချင်း အလုံးစုံစစ်ပွဲကြီးမဖြစ်နိုင်သေးသော်လည်း နောက်ထပ် ခြေ တစ်လှမ်းမှားသည်နှင့် စစ်ပွဲကြီး ဖြစ်လာနိုင်သည်ဟု သုံးသပ်သွားခဲ့သည်။
ဗြိတိန် စစ်ရေးသုတေသီ ဖိလစ်အင်ဂရမ်ကလည်း ဂျပန်သည် စစ်ရေးအရှိန်မြှင့်တင်မှုများ အထူးမြှင့် တင်လုပ်ဆောင်နေသလို လက်ရှိ အမျိုးသမီး ဂျပန်ဝန်ကြီးချုပ်သည် ပိုမို စိတ်ဓာတ်ပြတ်သားခိုင်မာသူ ဖြစ်သောကြောင့် တရုတ်ကို ပြတ်သားစွာ ရင်ဆိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ ဖိုက်တာ ဂျက်လေယာဉ်များ၊ စစ်သင်္ဘောများ နှစ်နိုင်ငံအကြား ထိပ်တိုက်တွေ့မှုများလည်း ဖြစ်နေသောကြောင့် တရုတ်-ဂျပန်စစ်ပွဲ ဖြစ်ပွားနိုင်သည်ဟု သုံးသပ်ခဲ့သည်။
ထိုသုံးသပ်မှုတွင် ၁၉၃၇ ခုနှစ်က မာကိုပိုလို တံတားအရေးမှစပြီး တရုတ်-ဂျပန် ဒုတိယစစ်ပွဲကြီး ဖြစ်ခဲ့ရသေးသည်ကိုလည်း ထောက်ပြပြီး အမှန်တကယ် စစ်ဖြစ်နိုင်သည်ဟု သုံးသပ်သွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဂျပန်
#တရုတ်
#ထိုင်ဝမ်
#တတိယကမ္ဘာစစ်








