မဲခေါင်၊ နိုဝင်ဘာ ၂၉
ရုရှား မဟာဗျူဟာဒုံးကျည်တပ်ဖွဲ့သည် ယက်စ်နီဒေသအခြေစိုက် စစ်စခန်းတွင် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ ကောင်းကင်အမြင့် မီတာ ၄၀၀ လောက်သာ ရောက်ရှိချိန် မှားယွင်းမှုများကြောင့် ပစ်လွှတ်ရာနေရာသို့ပင် ပြန်ကျပြီးကြီးမားသည့် မီးလုံးကြီးများ ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။
ယင်းစစ်အခြေစိုက်စခန်းတွင် ရုရှား၏ အဆင့်မြင့်နျူကလီးယားဒုံးကျည်ပစ်ယာဉ်ပေါ်မှ အသံထက်မြန်သော Avangard ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခြင်းဟု သိရှိရကာ အဆိုပါဒုံး ကျည်သည် နျူကလီးယားထပ်ဖူးများ တင်ဆောင်နိုင်စွမ်းရှိကြောင်းလည်း သိရသည်။
မီးလောင်ပေါက်ကွဲမှုတွင် ကောင်းကင်၌ ပန်းရောင်သန်းသော မီးတောက်များကို မြင်တွေ့ရသဖြင့် စစ်ရေးကျွမ်းကျင်သူများက ဒုံးကျည်၌ ဆိုဗီယက်ခေတ်က ဒီဇိုင်းထွင်ထုတ်လုပ်သည့် အဆိပ်သင့် နိုက်ထရိုဂျင်ရောရာ ဓာတုလက်နက်များ ထည့်သွင်းထားဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။
ရုရှား၏ မဟာဗျူဟာ ဒုံးကျည်များဖြစ်သော R-36M2 ခေါ် Satan ဒုံးကျည်၊ RS-28 Sarmat တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များအတွင်း၌လည်း ယခုလို အရည်လောင်စာများစွာ ထည့်သွင်းထားပြီး အဆိပ်သင့်စေသော ဓာတုလက်နက်အဖြစ် နိုက်ထရိုဂျင် တက်ထရော့ဆိုဒ်နှင့် မညီမျှသော ဒိုင်မီသိုင်းဟိုက်ဒရာဇင်းဓာတ်များ ရောထည့်ထားသည်ဟု သိရှိရသည်။
ယူကရိန်းနည်းပညာတပ်သည် Night Watch စစ်ဆင်ရေးကို ဖော်ဆောင်ကာ ရုရှား၏ Kinzhal ဒုံးကျည် ၁၉ လုံးအား ပစ်မှတ်လမ်းညွှန်မှုစနစ်ကို သီချင်းသံဖြင့် jamming signals ပေးပို့ပြီး ဖျက်ချနိုင်ခဲ့သည်ဟုလည်း 404 Media ဝက်ဘ်ဆိုက်ဒ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်တင်ပြခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ဒုံးကျည်
#နျူကလီးယား
#ဓာတုလက်နက်








