မဲခေါင်၊ နိုဝင်ဘာ ၂၈
တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာတွင် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို မျက်နှာဖုံးစွပ်များက သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ၂၆ ရက် ညနေပိုင်းတွင် ယင်းအမျိုးသားအိမ်ကို မျက်နှာဖုံးစွပ် အမည်မသိ လက်နက်ကိုင်အဖွဲ့ ရောက်လာပြီး ဇနီးဖြစ်သူနှင့်အတူ ဒူးထောက်ခိုင်းကာ ၎င်းအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“ရွာမှာတော့ သတင်းအမျိုးမျိုး ပြောကြတာပေါ့။ ဒါပေမယ့် သတ်သွားတဲ့သူက ပျူစေားထီးတွေလည်း ဖြစ်နိုင်တယ်။ ဆုံးသွားတဲ့သူက တောင်ယာလုပ်ပြီး ရိုးရိုးသားသားပါပဲ။ စစ်တပ်ဖက်လည်း မဟုတ်ဘူး၊ တော်လှန်ရေးဖက် လည်းမဟုတ်ဘူး။ လာသတ်သွားတုန်းက နင်ကသတင်းပေးလို့ အော်ပြီး သတ်သွားတယ် ပြောတယ်။ မျက်နှာဖုံး တွေနဲ့ စွပ်ထားတော့ ဘယ်အဖွဲ့ဆိုတာ သေသေချာချာ မသိရသေးပါဘူး”ဟု မြိုင်ကျေးရွာနေ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ရွာငံ၌ ဒေသခံ အရပ်သားများကို တော်လှန်ရေးအဖွဲ့များက ဒလန်ဟုစွပ်စွဲပြီး သတ်ဖြတ်ခြင်း၊ စစ်ကောင်စီဖက်ကလည်း တော်လှန်ရေး အားပေးသည် ဟုဆိုကာ ဖမ်းဆီးနှိပ်စက်ခြင်း စသည့်ဖြစ်စဉ်မျိုး မကြာခဏ ခံရသောကြောင့် ဒေသခံများမှာ ကိုယ့်လုံခြုံရေးကို အထူးစိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။
“မြင်းကျဒိုးရဲကင်းရော ပြည်သူ့စစ်နဲ့ တပ်တွေ ရောက်လာတယ်။ သေတဲ့သူမိန်းမ ပြောတာတော့ သူ့ရှေ့တွင် ဒလန်ဆိုပြီး ဓားနဲ့ ထိုးသတ်တာတဲ့။ ခြံလုပ်သားလို့ပြောတယ်၊ သတ်တဲ့ အဖွဲ့ကိုတော့ သေချာမသိရဘူး။ စစ်တပ်က ပိတ်စစ်နေတယ်”ဟု ရွာငံဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင်လည်း ရွာငံမြို့နယ်၊ တပ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် မြသိန်း တန်ကျေးရွာမှ အရပ်သားတစ်ဦးကို ဝက်သတ်ခုံတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဓားဖြင့် ထိုးသတ်သွားသေး ကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရွာငံ
#အမျိုးသားတစ်ဦး
#အသတ်ခံရ
#မြိုင်ကျေးရွာ








