မဲခေါင်၊ နိုဝင်ဘာ ၂၆
စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၌ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ ည ၇ နာရီခွဲဝန်းကျင်တွင် လားရှိုးမြို့၊ (၃) ရပ်ကွက်၊ ရွှေဘုံသာကားပွဲစားတန်း၊ ပန်းခြံထောင့်၊ သုံးလမ်းစုံ၊ ကျားခေါင်းလျှပ်စစ်ဆိုင်အဆင်း၊ သိန္နီလမ်းနေရာအနီး၌ ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကားဝိုင်းအပေါ်ဖက်၊ ဇော်ဂျီမိုဘိုင်းရှေ့မှာဖြစ်တာ၊ အမျိုးသမီးလက်ကို တစ်ချက်ထိတာ။ ဘာကြောင့်လဲမသိရဘူး” ဟု ၎င်းက ဆိုသည်။
ယင်းဖြစ်စဥ်တွင် အမျိုးသမီး၏ တံတောင်ဆစ်အထက်နား လက်မောင်းကို ကျည်ဆံတစ်တောင့် ဖောက်ထွက်ပြီး ရင်သားကို ရှပ်မှန်ခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။
ဒဏ်ရာရအမျိုးသမီးကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းကားဖြင့် လားရှိုးဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လားရှိုး၌ ယမန်နေ့ နံနက်ပိုင်းကလည်း ရေကန်တောင်အောက်၌ မူးယစ်ဆေးသုံးစွဲသူများကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်ညပိုင်းကလည်း လားရှိုး၊ ထင်းရှုးမြိုင်ဘက် စစ်ကောင်စီတပ်ကင်းမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။
လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို MNDAA ထံမှ ပြီးခဲ့သည့် ဧပြီလတွင် ပြန်လည်ရရှိပြီးနောက် စစ်ကောင်စီက ထိန်းချုပ်ထားသော်လည်း ပစ်ခတ်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။
#MeKongNews
#လားရှိုး
#အမျိုးသမီး
#ပစ်ခတ်မှု
#ဒဏ်ရာရ








