မဲခေါင်၊ နိုဝင်ဘာ ၂၀
ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးကာကွယ်ရေးရောင်းချမှုစာချုပ်အဖြစ် ဒေါ်လာ ၁၄၂ ဘီလီယံဖိုး သဘောတူထားသော ဆော်ဒီနိုင်ငံခေါင်းဆောင် မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (MBS) အိမ်ဖြူတော်သို့ နိုဝင်ဘာ ၁၈ ရက်က ရောက်ရှိလာစဉ် မီဒီယာသမားများက ၂၀၁၈ ခုနှစ်က နာမည်ကြီး ဝါရှင်တန်ပို့စ်သတင်းထောက် ဆော်ဒီသား ဂျမဲခါရှော့ဂီ အစပျောက်သွားစဉ် သတ်ဖြတ်အစဖျောက်ရန် အမိန့်ပေးခဲ့သူဟု ကျော်ကြားခဲ့သော MBS ကို ထိုအကြောင်း မေးမြန်းရာ ဒေါ်နယ်ထရမ့်က ဘာမှ မသိသူကို မယဉ်မကျေးမေးမြန်းခြင်းဖြစ်သည်ဟုကြားဖြတ်ပြောဆိုကာ ကာကွယ်ပေးသွားခဲ့သည်။
ခါရှော့ဂီသည် ဆော်ဒီအစိုးရအဖွဲ့၏ လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးများချိုးဖောက်မှု အကြောင်း ဦးစားပေးဝေဖန်ရေးသားသူဖြစ်ရာ ၂၀၁၈ ခုနှစ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်၌ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်သွားပြီးနောက် ပြန်မထွက်လာတော့ဘဲ အစပျောက်သွားခဲ့သဖြင့် ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အမေရိကန်နှင့်ဆော်ဒီကြား တင်းမာမှုများ ရှိခဲ့သည်။
CIA စုံစမ်းမှုအရ ခါရှော့ဂီ အစပျောက်သွားမှုတွင် MBS အမိန့်ကြောင့် သတ်ဖြတ်ပြီး အရိုးဖြတ်လွှဖြင့် အပိုင်းပိုင်းဖြတ်ကာအစဖျောက် လိုက်ဖွယ်ရှိသည်ဟု ထင်မြင်ခဲ့ကြသည်။
ထိုဖြစ်စဉ်ပြီးနောက် ဆော်ဒီမင်းသား MBS ပထမဆုံးအကြိမ် အမေရိကန်သို့ ရောက်လာရာတွင် ဘဲဥပုံ ရုံးခန်းအတွင်း မီဒီယာများက ခါရှော့ဂီ ကိစ္စ မေးမြန်းရာ “အရမ်းအငြင်းပွားစရာကိစ္စကို လူတစ်ယောက်အပေါ် ခင်ဗျား မေးလိုက်တာပဲ။ ဒီလိုလူကြီးလူကောင်းကို ဒီလိုမေးခွန်းမျိုးမေးတာ လူ အများကြီးက ကြိုက်မှာမဟုတ်ဘူး။ ခင်ဗျား သူ့ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဖြစ်နေတာက ဘာမှ မသိတဲ့သူကို သွားမေးနေတာမျိုးပဲ။ ဒီကိစ္စထားလိုက်” ဟု ကာကွယ်ပြောကြားပေးသွားခဲ့သည်။
ယခု MBS အိမ်ဖြူတော်သို့ရောက်လာခြင်းမှာ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး ကာကွယ်ရေးရောင်းချမှု စာချုပ်အဖြစ် ဆော်ဒီထံ အမေရိကန်က F-35 ဖိုက်တာဂျက်လေယာဉ်များအပါ ကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်များကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး ရောင်းချပေးရန် သဘောတူထားမှုကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလက ဒေါ်နယ်ထရမ့် ဆော်ဒီသို့ ရောက်ရှိစဉ်တွင်လည်း ဆော်ဒီဘက်မှ ကာကွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ထံမှ စစ်ရေးထုတ်ကုန် ဒေါ်လာ ၆၀၀ ဘီလီယံအထိ ဝယ်ယူရန် မျှော်လင့်ထားသည်ဟု ပြောခဲ့သလို ယခု ဘဲဥပုံရုံးခန်းသို့ ရောက်လာစဉ် တွင် ဒေါ်လာ ၁ ထရီလီယံဖိုးအထိ ဝယ်ယူမည်ဟု မျှော်လင့်ကြောင်းပါ နောက်ပြောင် ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က MBS ရောက်လာခြင်းတွင် ဒေါ်လာသန်း ၁၀၀ တန် အမေရိကန်ထုတ် F-35 ဖိုက်တာ ဂျက်လေယာဉ် ၄၈ စီး ဝယ်ယူရေးကိစ္စဖြစ်သည်ဟု နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဒေါ်နယ်ထရမ့်
#အိမ်ဖြူတော်
#ဆော်ဒီ
#သတင်းထောက်








