မဲခေါင်၊ နိုဝင်ဘာ ၂၀
စစ်ကောင်စီတပ်နှင့် MNDAA နှစ်ဘက်တင်းမာပြီး ပိတ်ထားသည့် သီပေါတံတားတွင် ယာဥ်များဖြတ်သန်းခွင့် မရသေးသော်လည်း ခြေလျင်ဖြတ်သန်းခွင့် ပြန်ရနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကောင်စီ နှင့် MNDAA တို့ နယ်မြေဆိုင်ရာ ဆွေးနွေးမှု အဆင်မပြေရာမှ တင်းမာလာပြီး နိုဝင်ဘာ ၁၄ ရက် တွင် သီပေါတံတားကို နှစ်ဖက်အပြန်အလှန် သွားလာခွင့်ပိတ်ပင်ခဲ့ရာမှ ယမန်နေ့ နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် လူများ ခြေလျင်ဖြတ်သန်းခွင့် ပြန်လည် ခွင့်ပြုလာခြင်းဖြစ်ကြောင်း သိရသည်။
“ကိုးကန့်ဘက်မှာ လောင်းကစားဝိုင်း တွေရှိတာ ညလည်းဖြတ်တာ အဆင်ပြေတယ်လို့ သွားသူတွေပြောတယ်၊ ဟိုဘက်ဒီဘက် အရံအတားတွေတော့ မဖယ်သေးသလို ဆိုင်ကယ်တောင် မရသေးဘူး။ ခရီးသွားကားငယ်တွေတော့ နှစ်ဖက်ချိတ်ဆက် ကားပြောင်းသယ်ရင်တော့ ရနိုင်လောက်တယ်။ ကုန်မပါရင်ပေါ့ ” ဟု သီပေါ၊ ဇတ်စုနေဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
တံတားအား ရက်ပိုင်းအတွင်း ပြန်ဖွင့်မည်ကြားနေသော်လည်း MNDAA နှင့် စစ်ကောင်စီ မည်သို့ ပြေလည်နိုင်မည်ကို မသိရ ဟု ၎င်းက ဆိုသည်။
ယင်းတံတား ပိတ်ထားသဖြင့် လက်ရှိတွင် လားရှိုးမှမိုင်းရယ် အသွားအပြန်ခရီး မပိတ်ထားသကဲ့သို့ ဟိုယ နှင့် ကောင်းလန်းဂိတ်လည်း မပိတ်ထားဘဲ ဖြတ်သန်းသွားလာ၍ ရကြောင်း ကားသမားများက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း လမ်းများအနေဖြင့် လားရှိုး – မိုင်းရယ် – ကျေးသီး – တောင်ကြီးလမ်း၊ နောင်ပိန် – ရဲရွာ -နောင်လုံ – နမ့်လန် – ပန်ကေတု – ကျေးသီး – မိုင်းရယ်လမ်း၊ သီပေါ – နားမ ခေါ် တာလုံကျောက်မဲ စသည့် လမ်းကြောင်းများ သွားလာ၍ရနေပြီး တာလုံဇက်ဆိပ်မှာမူ ကားများသဖြင့် အနည်းဆုံး ၆ နာရီခန့် စောင့်ဆိုင်းရကြောင်း သိရသည်။
အရေးတကြီး လမ်းခရီးသွားလာစရာ ရှိသူများအနေဖြင့် အရေးပေါ်ဆေးဝါး၊ အစားအသောက် အခြောက်အခြမ်းများ ယူဆောင်သွားလာကြရန် ခရီးသည်ယာဥ်လိုင်းများက တိုက်တွန်းလျက်ရှိကြောင်း သိရသည်။
သီပေါတံတားအား ယာဥ်များ ပြန်လည်သွားလာခွင့်ရရန်မှာ MNDAA နှင့် စစ်ကောင်စီ နှစ်ဖက်အဆင်ပြေရန် လိုအပ်နေရာ လက်ရှိတွင် မန္တလေး – လားရှိုး နေ့ချင်းရောက် သွားလာနိုင်သည့် အခြေအနေမှ တစ်ကွေ့တစ်ပတ် သွားလာနေကြရကြောင်း သိရသည်။
#MeKongNews
#သီပေါတံတား
#ခြေလျင်ဖြတ်သန်း
#MNDAA
#စစ်ကောင်စီ








