မဲခေါင်၊ နိုဝင်ဘာ ၁၇
ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပတ်ရှိ ကျားဖြန့်စင်တာတစ်ခုတွင် နိုဝင်ဘာ ၁၅ ရက်နေ့က ၂၆ နှစ်အရွယ် ထိုင်း မိန်းကလေးတစ်ဦး နှိပ်စက်သတ်ဖြတ်ခံထားရပြီး ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်ညှိနှိုင်းပေးမှုဖြင့် အလောင်းပြန်ရခဲ့သည်။
၂၆ နှစ်အရွယ် ဆူဒါချွန်လာခက်သည် ထိုင်းနိုင်ငံ ဖန်းငခရိုင်၌ နေထိုင်သူဖြစ်ကာ ပွိုင်ပတ်ရှိ ကျားဖြန့်စင်တာတွင် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခံရသည်ဟု ဆွေမျိုးများမှတစ်ဆင့် သိရသဖြင့် The Immanuel Foundation (IMF) အဖွဲ့က ကြားဝင်စေ့စပ်ခြင်းဖြင့် အလောင်းကို ရှာဖွေပေးပြီး ကမ္ဘောဒီးယားဘုရားကျောင်းတစ်ခု၌ မီးသဂြိုဟ်ရန် စီစဉ်နေစဉ်၌ ထိုင်းသံရုံးနှင့်ပူးပေါင်းကာ အလောင်း ပြန်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
IMF အစီရင်ခံစာ၌ ဆူဒါချွန်လာခက်ကို ကျားဖြန့်ရာဇဝတ်ဂိုဏ်းက နေ့စဉ် ဘတ် ၁၀၀၀၀၀ လစ်မစ် ပြည့်ရန် မလိမ်နိုင်ခြင်းကြောင့် ညှင်းပန်းနှိပ်စက်ကြောင်း၊ ထိုညှင်းပန်းနှိပ်စက်မှုတွင် ထိုင်ထ အခါ ၁၀၀၀ မှ ၂၀၀၀ အထိ လုပ်ခိုင်းခြင်းဖြင့် ပင်ပန်းလွန်းကာ သတိလစ်သွားစဉ် ပြန်နှိုးသည့်အနေဖြင့် လျှပ်စစ် ကျဉ်စက်ဖြင့် ထိုးပြီး နှိုးလိုက်၊ နှိပ်စက်လိုက်လုပ်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသွားခဲ့သည်။
ထိုင်း လူမှုဖွံ့ဖြိုးရေးနှင့်လူသားလုံခြုံရေး ဝန်ကြီးဌာနက ဆူဒါ၏ အိပ်ယာထဲ လဲနေသော မိခင်ရှိရာ မိသားစုအား အားချင်း ထောက်ပံ့ကူညီမှုများပေးပြီး ကမ္ဘောဒီးယားရှိ အလောင်းအား ပြန်လည်သယ်ဆောင်ကာ ဇာတိမြေတွင် သဂြိုဟ်ရန် စီစဉ်နေသည်။
မကြာသေးမီ လပိုင်းအတွင်း ကမ္ဘောဒီးယား ကျားဖြန့်စင်တာများတွင် အနည်းဆုံး ထိုင်းနိုင်ငံသား ၅ ဦး နှိပ်စက်ညှင်းပတ်သတ်ဖြတ်ခံရပြီးဖြစ်ရာ လက်ရှိ ဘန်ဂျိုင်းထိုင်းပါတီဦးဆောင်အစိုးရသည် ကျားဖြန့်စင်တာများ၌ ပိတ်မိနေသော ထိုင်းနိုင်ငံသားများအား အားချင်းကယ်ထုတ်နိုင်ရန် အရှိန်မြှင့်ကြိုးစားသင့်ကြောင်း Fair ပါတီအမတ်တစ်ဦးက တောင်းဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ကမ္ဘောဒီးယား
#ကျားဖြန့်
#ထိုင်းနိုင်ငံသား
#ညှင်းပန်းနှိပ်စက်








