မဲခေါင်၊ နိုဝင်ဘာ ၁၅
အီလွန်မာ့စ်နှင့် ဂျက်ဖ်ဘီဇော့တို့ပိုင်ဆိုင်သည့် SpaceX နှင့် Blue Origin တို့ကဲ့သို့ အာကာသပေါ်သို့ အာကာသယာဉ်မှူးများမဟုတ်သော အရပ်သားများကို ခရီးသွားဝန်ဆောင်မှုပေးရန် စီစဉ်နေပြီဖြစ် ကြောင်း အစိုးရပိုင် တရုတ်အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) က ရှန်ဇန်းပြည်နယ် တွင်း နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သည့် China Hi-tech Fair နည်းပညာပြပွဲ၌ ကြေညာမိတ်ဆက်သွားခဲ့သည်။
တရုတ်အစိုးရပိုင် ဘဏ္ဍာရေးသတင်းစာ Securities Times ၏ ဖော်ပြမှုအရ ပြန်လည်အသုံးပြုနိုင် သည့် ဒုံးပျံ၊ အာကာသယာဉ်များအသုံးပြုကာ ပြည်သူများကို ကမ္ဘာ့အပြင်ဘက် အာကာသ အတွေ့အကြုံများရရှိစေရေး ခရီးသွားအစီအစဉ်အဖြစ် စေလွှတ်တော့မည်ဖြစ်သောကြောင့် ပြည်တွင်း လုပ်ငန်းစုများ ပူးပေါင်းပါဝင်ကြနိုင်ရေး ဖိတ်ခေါ်ထားသည်ဟု ဆိုသည်။
အာကာသခရီးသွားလုပ်ငန်းတွင် အမေရိကန်သာ ကြီးစိုးထားခြင်းကို ပယ်ဖျက်နိုင်ရန် တရုတ်နိုင်ငံ အနေဖြင့် ပြည်သူများကို အာကာသ ခရီးစဉ်များ စေလွှတ်လိုခြင်းဖြစ်ပြီး လက်မှတ်တစ်စောင် တန်ကြေးသည် ယွမ် ၁ သန်း (၁၄၀၅၃၄ ဒေါ်လာ) ရှိမည်ဟုလည်း Securities Times တွင် ဖော်ပြခဲ့သည်။
ယင်းခရီးစဉ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၀ ကီလိုမီတာ (၆၂ မိုင်) အမြင့်သို့ ခေါ်ဆောင်သွားမည်ဖြစ်ကာ နိုင်ငံတကာအသိအမှတ်ပြု အာကာသအပြင်ဘက်ပိုင်းစည်း (Karman line) ကို ဖြတ်ကျော်ကာ ကမ္ဘာမြေဆွဲအား မရှိဘဲ လူများပေါ့ပါးမျောပါနေသည့် အတွေ့အကြုံ၊ ကမ္ဘာကြီးအား အာကာသထဲမှ မြင်တွေ့ရပုံများကို ခံစားနိုင်မည်ဟုလည်း ဆိုသည်။
တရုတ်အစိုးရသည် ယခုတစ်ပတ်အတွင်းမှာပင် အာကာသယာဉ် ၄ စီးကို လွှတ်တင်ခဲ့ကာ ၂၀၂၅ ခုနှစ် အတွင်း စီးပွားဖြစ် အာကာသလုပ်ဆောင်နိုင်စွမ်းများရှိရေး စီမံကိန်အတွက် ယွမ် ၂ ဒသမ ၅ ထရီလီယံ (ဒေါ်လာ ၃၅၁ ဒသမ ၃ ဘီလီယံ) သုံးစွဲခဲ့သည်ဟုလည်း Securities Times က ဖော်ပြသွားခဲ့သည်။
SpaceX နှင့် Blue Origin တို့သည် ဒါဇင်နှင့်ချီသော အာကာသအတွင်း ခရီးသွားများစွာကို ပို့ဆောင်မှု လုပ်ပေးခဲ့ကြပြီဖြစ်ကာ တစ်ယောက်လက်မှတ်ခကို မထုတ်ပြန်သော်လည်း ခန့်မှန်းမှုများအရ တစ်ဦး လည်ပတ်ခသည် ဒေါ်လာ ၅၅ သန်းအထိရှိနိုင်သည်ဟု သိရသဖြင့် တရုတ်သတ်မှတ်မည့် တစ်ယောက် လက်မှတ်ခက အလွန်စျေးပေါမည်ဖြစ်သည်။
ကိုကလင်း
Ref: koreatimes
#MeKongNews
#တရုတ်
#အာကာသ
#သိပ္ပံနှင့်နည်းပညာ
#အာကာသခရီးစဉ်








