မဲခေါင်၊ နိုဝင်ဘာ ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကာရစ်ဘီယံပင်လယ်တွင် မူးယစ်မှောင်ခိုဂိုဏ်းများအား နှိမ်နင်းရေးလုပ်နေရာမှ ယခု ယင်းရပ်ဝန်း၌ တောင်ပိုင်းလှံစစ်ဆင်ရေး (Operation Southern Spear) စတင်လိုက်ပြီဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုမှတစ်ဆင့် နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ရာ ပစ်မှတ်ထားနေသည့် ဗင်နီဇွဲလားနိုင်ငံကုန်းတွင်းပိုင်းအထိ ရက်ပိုင်းအတွင်း ဝင်ရောက် တိုက်ခိုက်ရန် အမိန့်ထပ်ပေးတော့မည်ဟု ယုံကြည်နေကြသည်။
နိုဝင်ဘာ ၁၂ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်၊ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဒန်ကိုင်နီတို့ ဆွေးနွေးအပြီး ဗင်နီဇွဲလားနိုင်ငံအတွင်း မြေပြင်တိုက်ပွဲများဖော်ဆောင်မှုအပါ စစ်ဆင်ရေးစီမံကိန်းများကို ချမှတ်ခဲ့သည်ဟု CBS News က ဖော်ပြသွားခဲ့သည်။
တောင်ပိုင်းအလံ စစ်ဆင်ရေးစတင်လိုက်ကြောင်းကို မာကိုရူဘီယိုက လူမှုကွန်ရက် X တွင် ကြေညာစဉ် ဆယ်စုနှစ်ပေါင်းများစွာ အသုံးမပြုခဲ့သလို စစ်ပွဲများကိုလည်း ဆင်နွှဲခြင်းမရှိခဲ့သောကြောင့် တိမ်မြုပ် ပျောက်ကွယ်နေသည့် အမေရိကန် စစ်ပွဲရေးရာဌာန ဆိုသော စကားလုံး ပြန်လည်ပါဝင်လာခဲ့ရာ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားအား ကုန်းတွင်ဝင်တိုက်ရန် အမိန့်ပေးမည့် ဆုံးဖြတ်ချက် မချရသေး သော်လည်း စစ်အင်အား အလုံးအရင်းအား တောင်ပိုင်းတိုင်း ရေတပ်ဌာနချုပ်သို့ ပို့ဆောင်ထားပြီး တောင်ပိုင်းအလံ စစ်ဆင်းရေးစပြီဆိုခြင်းမှာ ရက်ပိုင်းအတွင်း ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင်တိုက်ရန် စီစဉ်ခြင်းသာဖြစ်သည်ဟု စစ်ဘက်ရေးရာ ကျွမ်းကျင်သူများက သေချာပေါက် ယုံကြည်နေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်သည် ဗင်နီဇွဲလားကမ်းလွန်တွင် မူးယစ်လှေဟု ယုံကြည်သော လှေ အားပစ်ခတ်ဖောက်ခွဲရာ လိုက်ပါသူ ၄ ယောက်စလုံးသေဆုံးခဲ့ပြီး ထိုသို့ ၂ လအတွင်း ၂၁ ကြိမ် တိုက်ခိုက်ဖောက်ခွဲရာ လူပေါင်း ၈၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။
အမေရိကန်၏ ကမ္ဘာ့အကြီးမားဆုံး လေယာဉ်တင်သင်္ဘောကြီး USS Gerald Ford သည်လည်း ကာရစ်ဘီယံပင်လယ်ပြင်ရှိ အမေရိကန် တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်ရှိရာဆီ ခုတ်မောင်းလာနေပြီဖြစ်ကာ ဗင်နီဇွဲလားကမ်းရိုးတန်းသို့ ရောက်ရှိတော့မည်ဖြစ်သလို တိုက်သင်္ဘောများ၊ စစ်လေယာဉ်ကြီးများ၊ F-35 ဖိုက်တာဂျက်လေယာဉ် များစွာလည်း ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်နား အသင့်ရောက်ရှိနေကြပြီဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက မူးယစ်မှောင်ခိုဂိုဏ်းများကို နောက်ကွယ်မှ ကြိုးကိုင်နေသူဟု အမေရိကန်စွပ်စွဲ ထားပြီး ဆုငွေ ဒေါ်လာ သန်း ၅၀ ထုတ်ထားသော ဗင်နီဇွဲလားသမ္မတ မာဂျူရိုသည် နှစ်ပေါင်းများစွာ အတွင်းမလုပ်ဖူးသည့် စစ်သည်အင်အား ၂၀၀၀၀၀ ပါဝင်သော တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေး လေ့ကျင့်ပြင်ဆင်မှုကို ကြည်း၊ရေ၊ လေ တပ်အားလုံး ၂ ရက်တာလုပ်ဆောင်ခဲ့ပြီး အမေရိကန်၏ ရန်ပြုလာမှုကို ခံခံတွန်းလှန်သွားမည်ဟု ကြေညာခဲ့သည်။
ကိုလံဘီယာသည်လည်း ဗင်နီဇွဲလားအပေါ် အမေရိကန်၏ ပြုကျင့်နေမှုများကို လက်မခံနိုင်ဘဲ အမေရိကန်နှင့်ထောက်လှမ်းရေးအချက်အလက် များ ဖလှယ်မှုကို ရပ်ဆိုင်းကြောင်းကြေညာခဲ့သည်။
International Crisis Group မှ စီနီယာစစ်ရေးသုတေသီ အဲလိဇဘတ်ဒစ်ကင်ဆန်က မူးယစ်မှောင်လို လှေများကို ပစ်ခတ်ဖောက်ခွဲနေမှုအတွက် USS Gerald Ford လေယာဉ်တင်သင်္ဘောကြီးသည် မည်သည့်အကြောင်းပြချက်ဖြင့်မှ မလိုအပ်ကြောင်း၊ စစ်ပွဲကြီးစီစဉ်နေခြင်းဖြစ်သည်ကို အတိုင်းသား မြင်တွေ့ရကြောင်း AP သတင်းဌာနသို့ ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#ဗင်နီဇွဲလား
#ကာရစ်ဘီယံပင်လယ်
#မာကိုရူဘီယို








