မဲခေါင်၊ နိုဝင်ဘာ ၁၄
အစ္စရေးသမ္မတ အစ်ဆက်ဟာဇော့က မိမိထံသို့ အမေရိကန်သမ္မတ လိပ်မူပေးပို့လာသော စာတွင် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုအား ၂၀၁၉ ခုနှစ်က လာဘ်စားသည်ဆိုသော စွဲချက်တင်ထားမှုမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တိုက်တွန်းတောင်းဆိုရေးသားမှု ပါရှိကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
နက်တန်ယာဟုသည် ၂၀၁၉ ခုနှစ်က အကျင့်ပျက်လာဘ်စားမှု ၃ ခုဖြင့် စွဲချက်တင်ခံခဲ့ရကာ ထိုအထဲ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဆီမှ စင်ကာပူဒေါ်လာ ၂၈၅၁၈၀ ရယူခဲ့သည်ဆိုသော စွဲချက်လည်း ပါဝင် ခဲ့သည်။
နက်တန်ယာဟုကမူ စွဲချက်အားလုံးကို ငြင်းဆိုထားပြီး မိမိအနေဖြင့် မည်သည့် အမှားမျှ မလုပ် ခဲ့ဟုဆိုကာ ထိုအမှုသည် ယခုအထိ စုံစမ်းစစ်ဆေးမှု မပြီးပြတ်သေးပေ။
ဒေါ်နယ်ထရမ့်သည် ဂါဇာအရေး၊ အီရန်အရေးနှင့်အရှေ့အလယ်ပိုင်း အရေးများတွင် နက်တန်ယာဟုနှင့် နှစ်ပေါင်းများစွာ မဟာမိတ်အဖြစ် လက်တွဲမြဲစွာ လုပ်ဆောင်လာခဲ့သဖြင့် အစ္စရေး အစိုးရအနေဖြင့် ၎င်းအား စွဲဆိုထားသည့် စွဲချက်များအား သမ္မတ အမိန့်ဖြင့်လွတ်ငြိမ်းခွင့်ပေးပြီး ဖျက်သိမ်းရန် တောင်း ဆိုခဲ့ခြင်းဖြစ်သည်ဟု ဟာဇော့က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလအတွင်းက ထရမ့် အစ္စရေးသို့ လာရောက်လည်ပတ်စဉ်တွင်လည်း ထိုသို့ တောင်းဆိုမှုရှိခဲ့ကာ ကယကံရှင် နက်တန်ယာဟုကိုယ်တိုင် လွှတ်ငြိမ်းခွင့်လိုချင်လျှင် ဥပဒေများအတိုင်း တင်ပြတောင်းခံမှ မိမိဘက်က စဉ်းစားပေးနိုင်မည်ဟု ဟာဇော့က ပြောကြားသွားခဲ့သည်။
နက်တန်ယာဟုကမူ လွတ်ငြိမ်းခွင့်ရရေး တင်ပြေတောင်းဆိုသွားမည်ဟု ပြောဆိုခြင်းမရှိသေးသော် လည်း ၎င်း၏ လူမှုကွန်ရက် X ၌ နိုဝင်ဘာ ၁၂ ရက်တွင် မိမိအားလွတ်ငြိမ်းခွင့်ပေးရေး တိုက်တွန်းသော မိတ်ဆွေကြီး ဒေါ်နယ်ထရမ့်အား အထူးကျေးဇူးတင်ကြောင်းနှင့် ထရမ့်ဆိုသည်မှ အမြဲ မှန်သည်ထင် သည့်အရာများကို လုပ်ဆောာင်လေ့ရှိသူဟု ရေးတင်သွားခဲ့သည်။
အစ္စရေးနိုင်ငံတွင် ဝန်ကြီးချုပ် နက်တန်ယာဟု၏ အရေးပါမှုက အကြီးမားဆုံး ဩဇာရှိနေသော်လည်း နိုင်ငံဥပဒေတွင်မူ လွတ်ငြိမ်းခွင့် ကို သမ္မတကသာ ပေးနိုင်စွမ်းရှိသဖြင့် ဒေါ်နယ်ထရမ့်က ဟာဇော့ထံ စာရေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: Asiaone
#MeKongNews
#နက်တန်ယာဟု
#လာဘ်စားမှု
#အစ္စရေး
#ဒေါ်နယ်ထရမ့်








