မဲခေါင်၊ နိုဝင်ဘာ ၁၃
ကြံခိုင်ရေးပါတီ(USDP)က ငွေ ၁၂၀၀၀ ကျပ်ပေးပြီး မဲဆွယ်ပွဲလာရန် စည်းရုံးနေသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့တွင် သွားရောက်သူ များပြားကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းစည်းရုံးပွဲကို နိုဝင်ဘာပထမပတ်အတွင်း ပြုလုပ်ပြီး စစ်ကောင်စီခန့် ဒေသဦးစီး ဥက္ကဌဦးအာကာလင်းက ဦးဆောင်မဲဆွယ်နေပြီး ဒုဒရေ၊ အင်းခေါင်း၊ ဝါးပြား၊ စံသိန်းကုန်း၊ ကျားခေါင်း၊ စင်္ကြာကုန်း၊ ပွေးလှ၊ ဝါးတရာ၊ ရှောက်ပင် စသည့်ကျေးရွာများတွင် စည်းရုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ဒေသခံတွေက ပိုက်ဆံလိုချင်လို့သာ လိုက်သွားတာ။ နေ့စားလိုက်ရင် တစ်သောင်းဘဲရတယ်။ခုက သူတို့ ခေါ်တာ ၁၂၀၀၀ ပေးတော့ လိုက်တဲ့သူများကြတာ။ သူတို့ကိုလိုက်သွားတော့ ကြံ့ဖွတ်အင်္ကျီရတယ်။ အဲ့အင်္ကျီဝတ်ပြီး သူတို့ဟောပြောတဲ့ဟာ နားထောင်ရတယ်၊ ပြီးရင် သူတို့ကို မဲပေးဖို့ပြောတယ်။ သာသာယာယာနဲ့ပဲ ပြန်လာခဲ့ကြတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
စစ်ကောင်စီခန့် ဒေသဦးစီးဥက္ကဌဦးအာကာလင်းသည် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြံခိုင်ရေး ပါတီ ကိုယ်စားပြုကာ ပင်းတယမြို့နယ် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပင်းတယမြို့နယ် ကျေးရွာတစ်ချို့တွင် ကြံ့ခိုင်ရေးပါတီတွင်း ဝင်ရောက်ပါက စစ်မှုထမ်းကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း အာမခံပြီး ဒေသခံပြည်သူများကို လိုက်လံစည်းရုံးနေကြောင်း သိရသည်။
သို့ရာတွင် ယင်းစည်းရုံးမှုကြောင့် ရွှေပုထိုးကျေးရွာတွင် ပါတီဝင်ခဲ့သည့် လူငယ်နှစ်ဦးသည် စစ်မှုထမ်းခြင်းမှ အမှန်တကယ် ကင်းလွတ်ခွင့် မရရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရှမ်းတောင်
#ပင်းတယ
# ကြံခိုင်ရေးပါတီ
#စည်းရုံး








