မဲခေါင်၊ နိုဝင်ဘာ ၁၁
နိုဝင်ဘာ ၉ ရက်တွင် ဖန်ဝေါင်တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းခြေမှတစ်ဆင့် ကုန်းတွင်းသို့ ပြင်းအား အဆင့် (၄) သတ်မှတ်မှုအတိုင်းအတာဖြင့် ဝင်ရောက်ခဲ့ရာ လူပေါင်း ၁ ဒသမ ၄ သန်း နေအိမ်စွန့်ခွာ ရှောင်တိမ်းခဲ့ရပြီး သေဆုံးသူ အနည်းဆုံး ၈ ဦးရှိသည်ဟု သိရှိရသည်။
ယင်းမုန်တိုင်း၏ အချင်းသည် ဖိလစ်ပိုင်နိုင်ငံတစ်နိုင်ငံလုံးစာ အတိုင်းအတာအထိ ကြီးမားကာ ပြင်းထန်သော လေတိုက်နှုန်းနှင့် မိုးသည်းထန်ခြင်းများကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နေအိမ်များ နစ်မြုပ်ခဲ့ရသလို အိမ်ငယ်များ ရေစီးနှင့်မျောပါမှုများ ဖြစ်ပွားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ တချို့သော ဒေသများတွင် လေတိုက်နှုန်းသည် အဆိုးရွားဆုံးအဖြစ် တစ်နာရီ မိုင် ၁၄၀ နှုန်း တိုက်ခတ်ခဲ့ပြီး မုန်တိုင်းမျက်လုံး ဗဟိုချက် တိုက်ခတ်ရာ အော်ရိုရာဒေသတွင် အစိုးရ ဝန်ထမ်း တစ်ဦးဖြစ်သော အေရီယက်စ်အော်ရာသည် နေအိမ်ပွင့်ထွက် လွင့်ပါမှုတွင် ပါဝင်ကာ သေဆုံးခဲ့ရသည်။
ဒီယာကူလာအိုအရပ်တွင် အမိုးသွပ်ပြားများ၊ ဝါးထရံအကာ အိမ်များစွာလွင့်ပါပျက်စီးခဲ့ပြီး တချို့မှာ နေအိမ်အမိုးများ လွင့်ပါခြင်းမရှိစေရန် မုန်တိုင်းမလာမိကတည်းက ကြိုးများဖြင့် ဆိုင်းတုပ်ခြင်း၊ လေးလံသော အလေးများကို အမိုးများပေါ်တွင် တင်ခြင်းများဖြင့် ကာကွယ်သည့်ကြားမှ အပျက်အစီး များပြားခဲ့သည်။
ရွာများစွာတွင် နေအိမ်များစွာ ရွံ့နွံများထဲ တစ်ပိုင်းတစ်စ နစ်မြုပ်မှုများဖြစ်ပွားခဲ့သလို ၆၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးအလောင်းအား သစ်ပင်များလဲပြိုပြီး ပိနေသည့် နေအိမ်အပျက်အစီးတစ်ခုထဲ တွေ့ရှိ ခဲ့ရသည်။
မုန်တိုင်းဗဟိုချက်ထိရာ လူဇွန်ကျွန်းနှင့် မနီလာမြို့ကြီးရှိ အစိုးရရုံးများနှင့် စာသင်ကျောင်း များကို နိုဝင်ဘာ ၁၀ ရက်နေ့အထိ ဆက်လက်ပိတ်ထားပြီး လေဆိပ်များလည်း ပိတ်ထားသဖြင့် လေကြောင်းလိုင်း ၃၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။
ယခုမုန်တိုင်းမတိုက်မီ ရက်ပိုင်းအတွင်းကမှ ဖိလစ်ပိုင်နိုင်ငံတွင် တစ်နာရီ ၁၃၇ မိုင်နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့သော ကာလ်မေဂီတိုင်ဖွန်းမုန်တိုင်းကြောင့် အနည်းဆုံး ၂၂၄ ယောက်သေဆုံးကာ ၁၀၉ ယောက် ပျောက်ဆုံးနေခဲ့ပြီး အဆိုးရွားဆုံးမုန်တိုင်းဒဏ်ခံရသည့် စီဘူနှင့်နီဂရို့စ်ကျွန်းများတွင် ပျောက်ဆုံးအလောင်းများ ရှာဖွေကယ်ဆယ်မှုများကို နိုဝင်ဘာလ ၈ ရက်နေ့က စတင် ရပ်ဆိုင်းလိုက်သည်။
ယခုလည်း ဖန်ဝေါင်တိုင်ဖွန်းကြောင့် ကြိုတင်ရွှေ့ပြောင်းရသူ ၁ ဒသမ ၄ သန်းရှိခဲ့ကာ မုန်တိုင်းဒဏ်ခံရသူပေါင်း သန်း ၃၀ ရှိခဲ့သည်ဟု ဖိလစ်ပိုင် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အောက်တိုဘာလအတွင်းကလည်း ဖိလစ်ပိုင်သို့ ယခုနှစ်ပိုင်းအတွင်း အပြင်းထန်ဆုံးသော ရာဂါဆာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့သေးပြီး ဖိလစ်ပိုင်သည် မုန်းတိုင်းဒဏ်များ ဆက်တိုက်ခံနေရသည့် အတွက် ကပ်ဘေးသင့်ကာ ဆင်းရဲမွဲတေမှုများလည်း လွန်စွာ မြင့်တက်လာနေသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဖိလစ်ပိုင်
#မုန်တိုင်း
#ဖန်ဝေါင်မုန်တိုင်း
#မနီလာမြို့








