မဲခေါင်၊ နိုဝင်ဘာ ၁၀
အများစိတ်ဝင်စားနေသည့် မကြာသေးခင်က စမ်းသပ်ပစ်ခတ်ခဲ့သော နျူကလီးယားဒုံးကျည်ကို အမေရိကန်တို့ ပထမဆုံးအကြိမ်လေယာဉ်တွင် တပ်ဆင်ကာ စမ်းသပ်ပျံသန်း မှုလုပ်ခဲ့ကာ ကမ္ဘာကို သိစေခြင်းဖြင့် မဟာပြိုင်ဘက် ပူတင်နှင့်ရှီကျင့်ဖျင်တို့ကို ရည်ရွယ်ခြိမ်းခြောက်လာခဲ့သည်။
ယင်းလေယာဉ်တွင် တပ်ဆင်စမ်းသပ်ပျံသန်းမှုကို အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ် ကာ B-52H ဗုံးကျဲလေယာဉ်ကြီးပေါ်တွင် ပေ ၂၀ ရှည်သော AGM-181 ခေါ် Long-Range Standoff (LRSO) ကိုယ်ပျောက်နျူကလီးယားခရုဇ်ဒုံးကျည် ၂လုံးကို တပ်ဆင်ကာ ပျံသန်းပြခဲ့ခြင်းဖြစ်သည်။
လေကြောင်းအထူးပြုဓာတ်ပုံဆရာ အီယန်ရက်ချီယိုက ကယ်လီဖိုးနီးယားတွင် ၄၈၈၀၀၀ ပေါင် အလေးချိန်ရှိသော Torch52 ခေါ် B-52H Stratofortress လေယာဉ်ကြီးတွင် AGM-181 နျူကလီးယားဒုံးကျည် ၂ စင်းတပ်ဆင်ကာ ပျံသန်းနေသည်ကို ဓာတ်ပုံမှတ်တမ်း ရိုက်ကူးရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် အိုဝင်ဗယ်လီ ပေါ် ဖြတ်ပျံသွားသည်ကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ရာ အမျိုးအမည်မသိ ဒုံးကျည် ၂ လုံး တပ်ဆင်ထားသည်ကိုလည်း တွေ့ရကြောင်း၊ ယခင်မမြင်ဖူးသည့် ဒုံးကျည်ဖြစ်သောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စမ်းသပ်ခဲ့သည်ဆိုသော AGM-181 နျူကလီးယားခရုဇ်ဒုံးကျည်ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။
အမေရိကန်လေတပ်အရာရှိများက နျူကလီးယားခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများ အလွန်အောင် မြင်ကြောင်းနှင့် ဆက်တိုက် စမ်းသပ်နေဆဲဖြစ်သည်ဟု ဝန်ခံခဲ့ရာ ၂၀၃၀ ပြည့်နှစ်မှ တရားဝင် စတင် စမ်းသပ်မည်ဟု ယခင်ကြေညာထားဖူးသည့် AGM-181 ဒုံးကျည်အား ဒေါ်နယ်ထရမ့်က ရည်ရွယ်ချက်ရှိစွာဖြင့် ကမ္ဘာကို ချပြကာ ပူတင်နှင့် ရှီကျင့်ဖျင်တို့ကို သတိပေးလိုက်ခြင်းဖြစ်မည်ဟု စစ်ရေး သုတေသီများက သုံးသပ်နေကြသည်။
AGM-181 နျူကလီးယားဒုံးကျည်တွင် တပ်ဆင်အသုံးပြုနိုင်သော နျူကလီးယားထိပ်ဖူးသည် ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားပေါ် ကျဲခဲ့သည့် နျူကလီးယားဗုံးထက် ၁၀ ဆ ပြင်းကာ သက်ရောက်ထိခိုက်စေမည့် ဧရိယာကို လိုချင်သလို သတ်မှတ်ကာ ၅ ကီလိုတန်မှ ၁၅၀ ကီလိုတန်အထိ လေးသော ထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်မည်ဟု သိရသည်။
မြန်နှုန်းမှာ မည်သည့် လျှပ်စစ်ဂျမ်မာစနစ်မှ မတားဆီးနိုင်ဘဲ ရန်သူများ ကို အပူလှိုင်းနျူကလီးယားထိပ်ဖူးများဖြင့် တိုက်ခိုက်နိုင်စွမ်းမြင့်မားမည်ဖြစ်သည်။ အဆိုပါဒုံးကျည်ကို လွန်ခဲ့သည့် အနှစ် ၄၀ စလုံး အသုံးပြုခဲ့သည့် AGM-86B Air-Launched Cruise Missile နေရာ အစား ထိုးသုံးစွဲရန် အမေရိကန်စစ်တပ်က တီထွင်ထားခြင်းဖြစ်သည်။
AGM-181 နျူကလီးယားခရုဇ်ဒုံးကျည်ကို မကြာမီ ထုတ်လုပ်ပြီးစီးမည့် ပေါင် ၅၈၅ သန်းတန် B-21 Raider ဗုံးကျဲလေယာဉ်သစ်နှင့် ပြန်လည်မွမ်းမံအဆင့်မြှင့်တင်နေသည့် B-52 Stratofortress ဗုံးကြဲလေယာဉ်များတွင် တပ်ဆင်ပစ်ခတ်နိုင်မည်ဖြစ်သည်။
၂၀၂၂ ခုနှစ်က အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် ၏ ပျမ်းမျှ ခန့်မှန်းထုတ်ပြန်မှုတွင် ၂၀၃၀ ပြည့်နှစ်၌ AGM-181 ဒုံးကျည် ၁၀၂၀ လုံး ထုတ်လုပ်ရန် ကုန်ကျစားရိတ် ဒေါ်လာ ၁၆ ဘီလီယံ ရှိမည်ဟု ဖော်ပြပါရှိခဲ့သည်။
ကိုကလင်း
Ref: Thesun
#အမေရိကန်
#နျူကလီးယားထိပ်ဖူး
#ခရုဇ်ဒုံးကျဉ်
#ဗုံးကြဲလေယာဉ်








