မဲခေါင်၊ နိုဝင်ဘာ ၉
နိုဝင်ဘာ ၄ ရက်က တိုက်ခတ်သွားခဲ့သော ကာလ်မေဂီတိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၄ ယောက်ရှိလာပြီး ၁၀၉ ဦးပျောက်ဆုံးနေဆဲဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းခြေသို့ နောက်ထပ် စူပါတိုင်ဖွန်းအသွင်ဆောင်လာနေသော ဖန်ဝေါင်မုန်တိုင်းကြီး ထပ်မံ ဦးတည်ဝင်လာနေပြီဖြစ်သည်။
ဖိလစ်ပိုင် မိုးလေး၀သဗျူရိုက ဖန်ဝေါင်တိုင်ဖွန်းသည် လူပေါင်း ၅ သန်းကို အသက်အန္တရာယ် ခြိမ်း ခြောက်နိုင်သည့်အဆင့်အထိ ပြင်းထန်စွာဖြင့် ဝင်ရောက်လာနိုင်ပြီး မုန်တိုင်းအကျယ်သည် ၁၅၀၀ ကီလိုမီတာ ရှိသဖြင့် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံတိုက်ခတ်နိုင်ကာ လက်ရှိမှာပင် နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းဒေသများ၌ မိုးကြီးလှိုင်းထန်မှုများ ကြုံနေရပြီး နိုဝင်ဘာ ၉ ရက်တွင် ကုန်းတွင်းသို့ စူပါ တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်လာမည်ဟု ကြိုတင်သတိပေးကြေညာခဲ့သည်။
ဖိလစ်ပိုင် မိုးလေဝသဗျူရိုမှ တာဝန်ရှိသူ အက်စ်ထရေးဂျာက မုန်းတိုင်းသည် အနည်းဆုံး တစ်နာရီ ၁၄၀ ကီလိုမီတာနှုန်းမှ အမြင့်ဆုံး ၁၇၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေပြီး ကုန်းတွင်းသို့အဝင်တွင် လေတိုက်နှုန်းတစ်နာရီ ၁၈၅ ကီလိုမီတာနှုန်းအထိ မြင့်တက်လာနိုင်သောကြောင့် အိမ်များ၊ သစ်ပင်များ၊ အဆောက်အအုံများကို လှဲဖြိုနိုင်သည့် ပြင်းအားရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
ဒေသတွင်းအခေါ် ယူဝမ်အမည်ရ ထိုဖန်ဝေါင်တိုင်ဖွန်းကြောင့် နိုင်ငံအရှေ့ပိုင်း ဘီကိုးလ်၊ ဆာမာ ခရိုင်များတွင် မိုးရေချိန်သည် ၂၀၀ မီလီမီတာနှုန်းဖြင့် သဲထန်စွာရွာသွန်းပြီး မြောက်ပိုင်းနှင့် နိုင်ငံအလယ်ပိုင်း လူဇွန်းခရိုင်များတွင် မိုးရေချိန် ၁၀၀ မီလီမီတာမှ ၂၀၀ မီလီမီတာအကြားရွာသွန်းမည်ဖြစ်သောကြောင့် ရေကြီး၊ မြေပြိုမှုများ လည်း ကြုံလာရနိုင်သည်ဟု အထူး သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဒေသဆိုင်ရာအာဏာပိုင်များစွာသည် မိမိတို့ နယ်မြေများအတွင်း စာသင်ကျောင်းများကို နောက်ထပ် ဝင်ရောက်လာမည့် ဖန်ဝေါင်တိုင်ဖွန်းမုန်တိုင်းကြောင့် နိုဝင်ဘာ ၁၀ ရက်အထိ ပိတ်ပေးထားကာ လေကြောင်းခရီးစဉ်တချို့ကိုလည်း ယခုကတည်းက ဖျက်သိမ်းထားသည်။
ကိုကလင်း
Ref: The Straittimes
#MeKongNews
#ဖိလစ်ပိုင်
#ဖန်ဝေါင်မုန်တိုင်း
#စူပါတိုင်ဖွန်း
#မိုးလေဝသခန့်မှန်းချက်








