မဲခေါင်၊ နိုဝင်ဘာ ၉
ရုရှားသိမ်းပိုက်ထားသော နယ်မြေထဲ တစ်ဦးတည်း ဒဏ်ရာပြင်းထန်စွာရရှိပြီး ၃၃ ရက်ကြာ ပိတ်မိနေ ခဲ့သော ယူကရိန်းစစ်သည်တစ်ဦးကို စက်ရုပ်ယာဉ်ဖြင့် အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့မှုအား ယူကရိန်း စစ်တပ်က ကင်မရာမှတ်တမ်းများနှင့်တကွ ထုတ်ပြန်သွားခဲ့သည်။
ယင်းစက်ရုပ်ယာဉ်သည် အဝေးထိန်းခလုပ်ဖြင့် ရန်သူရုရှားတို့ ထောင်ထားသော မိုင်းကွင်းများ၊ ဒရုန်းများ၏ တိုက်ခိုက်နေသည့် ပေါက်ကွဲမှုများအကြား သွားနေသည်ကို ယာဉ်တွင်တပ်ထားသည့် ကင်မရာမှတ်တမ်းအရ အံ့မခန်းမြင်တွေရပြီး နောက်ဆုံး မိုင် ၄၀ မစ်ရှင်ခရီးနှင်ကာ ဒဏ်ရာရ စစ်သား ကိုအောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးမစ်ရှင်ကို ကုဒ်အမည် GVER ဟုပေးခဲ့ပြီး ယူကရိန်းခြေလျှင်တပ် အမှတ် (၁) ဆေးတပ်ဖွဲမှ စီစဉ်ခြင်းဖြစ်ကာ ထိုယာဉ်ပေါ်တွင် သံချပ်ကာကားများမှ ကျည်ကာများဖြင့် ပြုလုပ်ထား သော လူသယ်ဆောင်နိုင်မည့် ကွန်တိန်နာပုံစံအတွင်း ဝင်ရောက်ခြင်းဖြင့် ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။
ရှေ့တွင် ၆ ကြိမ်မြောက် ထိုစက်ရုပ်ယာဉ်ဖြင့် ကယ်တင်ရန် ကြိုးစားမှု မအောင်မြင်ခဲ့ဘဲ ၇ ကြိမ်မြောက်မှ အောင်မြင်ခဲ့ခြင်းလည်းဖြစ်ကာ စစ်သည်တစ်ဦး၏ တန်ဖိုးကို အဖိုးမဖြတ်နိုင်သဖြင့် ကယ်တင်ရခြင်း ဖြစ်သည်ဟု အဆိုပါ မစ်ရှင်ဖော်ဆောင်သည့် ဆေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယင်းစက်ရုပ်ယာဉ်သည် မြေပြင် ဘီးတပ်စက်ရုပ် MAUL အမျိုးအစားဖြစ်ကာ တစ်နာရီ ကီလို ၇၀ အရှိန် အထိ မြှင့်တင်မောင်းနှင်နိုင်စွမ်းရှိသည်ဟု သိရသည်။
ယူကရိန်းစစ်တပ်သည် ကျူးကျော်သူ ရုရှားကို တွန်းလှန်တိုက်ခိုက်နေရာတွင် မနှစ်ကစတင်ပြီး စစ်ပွဲအတွင်း ပထမဆုံး စစ်ရုပ်ယန္တရားတိုက်ခိုက်ရေး ယာဉ်မျိုးစုံ တီထွင်ကာ တိုက်ပွဲတွင်း အသုံးချခဲ့သည်။
အဝေးထိန်းဝေဟင်ကင်းထောက် စက်ရုပ်၊ မိုင်းခင်းဒရုန်း၊ တစ်လမ်းမောင်း ဖောက်ခွဲရေး စက်ရုပ်၊ သေနတ်တပ်ဆင်ထားသော မြေပြင်၊ ဝေဟင်နှစ်မျိုးစလုံးအသုံးပြုနိုင်သည့် ယာဉ်များတီထွင်ပြီး မြေပြင်၊ ဝေဟင်နှင့် ပင်လယ်အတွင်း စက်ရုပ်များတီထွင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ယူကရိန်း
#ရုရှား
#စက်ရုပ်ယာဉ်
#ကယ်ဆယ်ရေး








