မဲခေါင်၊ နိုဝင်ဘာ ၆
ယူကရိန်းစစ်တပ်သည် ဒရုန်းတီထွင်မှုတွင် အဆင့်အမြင့်ဆုံးဖြစ်လာသည်အထိ နည်းပညာများမြင့်မားလာကာ သာမန်တာဝေးပစ်ဒရုန်းများထက် ၂ ဆ ပိုဝေးသောပစ်မှတ်သို့ ပစ်ခတ်နိုင်ကာ ထုတ်လုပ်မှု ကုန်ကျစားရိတ်လည်း တစ်ဝက်ကျော်သက်သာသော တာဝေးအသေခံဒရုန်းများ တီထွင်ကာ စတင်ပစ် ခတ်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း အသိပေးကြေညာသွားခဲ့သည်။
လျှို့ဝှက် စစ်အခြေစိုက်စခန်းတစ်ခုတွင် ယူကရိန်းထုတ်လုပ်နေသည့် 196 Liutyi အမည်ရ တာဝေးပစ် ဒရုန်းများသည် ယနေ့ခေတ်သာမန်ဒရုန်းများ ကီလိုမီတာ ၅၀၀ ခရီးသာ ပစ်ခတ်နိုင်ချိန် ကီလိုမီတာ ၁၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး ထုတ်လုပ်မှုစက်ရုံများမှ ရရာ ပစ္စည်းများဖြင့် ထုတ်လုပ်သော ကြောင့် ကုန်ကျစားရိတ်သည်လည်း သာမန်တာဝေးပစ် ဒရုန်းများထက် တစ်ဝက်မက သက်သာသည် ဟု ယူကရိန်း လျှို့ဝှက်ဒရုန်းထုတ်လုပ်ရေးတပ်မှ တပ်မှူး ဖီဒယ်က Euro News သို့ ပြောကြားခဲ့သည်။
အင်အားကြီးလွန်းသော ရန်သူရုရှားကို တိုက်ခိုက်ရသည့်စစ်ပွဲတွင် မရိုးရှင်းသော နည်းဗျူဟာဖြင့်သာ တိုက်ခိုက်မည်ဟု သန္နိဌာန်ချထားသည့် ယူကရိန်းသည် ရုရှားနိုင်ငံ အတွင်းပိုင်း မဟာဗျူဟာကျသော ရေနံသိုလှောင်ရုံ၊ ရေနံချက်စက်ရုံများကို အဓိကပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်နေရာ ရုရှား၏ ရေနံ ရင်းမြစ် ၂၀ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့ပြီဟု ယူကရိန်းသမ္မတ ဇီလန်းစကီးက ထုတ်ပြန်ပြောဆိုထား သည်။
ရုရှား ရေနံချက်စက်ရုံ ၁၆ ရုံကို ယူကရိန်းဒရုန်းများက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း လည်း Carnegie Endowment အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုပြည်တွင်းထုတ် 196 Liutyi အသေခံတာဝေးဒရုန်းတစ်စီး ကုန်ကျစားရိတ်သည် ဒေါ်လာ ၅၅၀၀၀ သာကုန်ကျကာ သာမန် တာဝေးဒရုန်းတစ်စီး ကုန်ကျစားရိတ်သည် ဒေါ်လာ ၁၁၀၀၀၀ မှ ဒေါ်လာ ၃၀၀၀၀၀ ကြားကုန်ကျကာ ခရီးမိုင်လည်း ၂ ဆ ပိုပစ်လွှတ်နိုင်သဖြင့် နိုင်ငံ၏ ဂုဏ်ယူစရာ ထုတ်လုပ်မှု ဟု သမ္မတ ဇီလန်းစကီးကလည်း ကြွေးကျော်ခဲ့သည်။
ယူကရိန်းသည် ပူတင်၏ ၇၃ နှစ်ပြည့်မွေးနေ့ပွဲနှင့်တိုက်ဆိုင်ကာ ယူကရိန်းနယ်စပ်မှ မိုင် ၁၂၀၀ အကွာ တွင်ရှိသော ဆိုက်ဘေးရီးယားအခြေစိုက် ရေနံချက်စက်ရုံကြီးကို ဒရုန်းများဖြင့် ပစ်ခတ်ဖောက်ခွဲနိုင်ခဲ့ သလို ၂၀၂၅ ခုနှစ်ဩဂုတ်လက နယ်စပ်နှင့် ၁၁၁၀ မိုင်အကွာတွင်ရှိသော နောက်ထပ် ဆိုက်ဘေးရီးယား ရေနံချက်စက်ရုံအား ဖောက်ခွဲတိုက်ခိုက်နိုင်သဖြင့် ပူတင်အနေဖြင့် စိုးရိမ်ပူပန်မှုများတိုးလာပြီး တစ်ခါ က မည်သည့်အရပ်မှ တိုက်ခိုက်သည်မှန်းမသိခဲ့ရသော်လည်း နယ်စပ်နှင့် မိုင် ၂၇၀၀ အကွာတွင်ရှိသည့် ရေနံချက်စက်ရုံကြီး ဖောက်ခွဲတိုက်ခိုက်ခံရသောကြောင့် ပိုပြီး စိုးထိတ်စရာဖြစ်နေရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#အသေခံဒရုန်း
#ပူတင်








