မဲခေါင်၊ နိုဝင်ဘာ ၅
ဝေလနိုင်ငံထက်ပင် ကြီးမားသည့် ၁၀၆ မိုင်ရှည်ကာ အမြင့် ပေ ၁၆၀၀ အထက်တွင် အလွန်ခေတ်မီ ခန်းနားစွာတည်ရှိစေရန် ဒေါ်လာ ၂ ထရီလီယံ အကုန်အချခံတည်ဆောက်နေသော ဆော်ဒီနိုင်ငံ၏ The Line မြို့တော် စီမံကိန်းကြီးကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်ရန် လျာထားသော်လည်း ရေနံစျေးကျခြင်းနှင့် ကုန်ကျစရိတ်များ အလွန်အမင်းမြင့်တက်ခြင်းကြောင့် ထိုလျာထားချက်အမီ တည်ဆောက်နိုင်မှုမရှိတော့သည့်အတွက် လုပ်ငန်းရပ်ဆိုင်းကာ ပြန်လည် ချင့်တွက်မည်ဟု သိရသည်။
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သည် နိုင်ငံ၏ အဓိက ဝင်ငွေရင်းမြစ်မှာ ရေနံတစ်ခုတည်းအားကိုးနေရာမှ ကြာလျှင် သဘာ၀တွင်းထွက် အားကိုးခြင်းမရှိနိုင်ပါက ဒုက္ခတွေ့နိုင်သဖြင့် ကမ္ဘာ့စီးပွားရေး ဗဟိုချက်၊ နည်းပညာနှင့် ခရီးသွားလုပ်ငန်းများ ဗဟိုချက်ဖြစ်စေရေး နိုင်ငံကုန်းတွင်းပိုင်းမှ ပင်လယ်နီရိပ်သာ Neom အထိ ၁၀၆ မိုင်ရှည်လျှားသော ကမ္ဘာခေတ်အမီဆုံး မြို့တော်ကြီးကို ၂၀၁၇ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က ဆော်ဒီမြို့တော် ရီယက်ဒ် စီးပွားရေးဖိုရမ်တွင် The Line မြို့တော် စီမံကိန်းကြီးနှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ အသော့ နှင်နေတယ်။ လိုအပ်ချက်တွေ၊ ချို့ယွင်းချက်တွေများစွာနဲ့ အရမ်းငွေကုန်ကြေးကျများပြီး လည်ပတ်နေရတယ်။ ဒါကြောင့် ပြီးရမယ့် Vision 2030 မဟာဗျူဟာကို ရပ်ဆိုင်းပြီး ပြန်လည် ချင့်တွက်မှုတွေ လုပ်ရပါတော့မယ်” ဟု ဖွင့်ပြောသွားခဲ့သည်။
စီမံကိန်းစတင်စဉ်က ရေနံစိမ်းစည် ၁ ပေပါလျှင် ဒေါ်လာ ၁၀၀ စျေးနှုန်းရှိခဲ့သော်လည်း ယခု ဒေါ်လာ၆၀ သာ စျေးရှိတော့သဖြင့် စီမံကိန်းလျာထားချက်နှင့် နိုင်ငံ၏ အဓိက ဝင်ငွေလျောကျမှုကြောင့် ယခုလို စီမံကိန်း ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
၂၀၁၆ ခုနှစ်က ရီယက်ဒ်ရှိရင်းနှီးမြှုပ်နှံသူများက ယင်းThe Line မြို့တော်စီမံကိန်းကြီးကို အားတက်သရောဖြင့် ဒေါ်လာ ဘီလီယံရာချီကာ ထည့်ဝင်ရင်းနှီးခဲ့ကြပြီး လူဦးရေ ၉ သန်းနေထိုင်မည့် ထိုမြို့တွင် ကာဗွန်ထုတ်လွှတ်မှု မရှိရေးကားနှင့် လမ်းများပင် မသုံးဘဲ သိပ္ပံခေတ်လွန်ဒီဇိုင်းဖြင့် မြို့တော်ကြီး တည်ဆောက်နေခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၂၅ နှစ်စပိုင်းတွင် ထိုစီမံကိန်းကြီးမှာ ၉၉ ရာခိုင်နှုန်း လျှော့ချပြီး ၁ ဒသမ ၅ မိုင် အကျယ်အဝန်းတွင် လူပေါင်း ၁ ဒသမ ၅ သန်းသာနေထိုင်နိုင်မည့် အိမ်ရာပေါင်း ၃၀၀၀၀၀ သာ ဆောက်လုပ်နိုင်တော့ဖွယ်ရှိသည့် အနေအထားသို့ ရောက်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ယခင် The Line မြို့တော်ကြီးတွင် ၂၀၂၉ အာရှဆောင်းရာသီအားကစားပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဟု အတည်ပြုထားသော်လည်း ထိုပွဲကျင်းပမည့် ထရိုဂျီနာတောင်းပေါ် စခန်းမြို့စီမံကိန်းသည် အနည်းဆုံး ၄ နှစ်နောက်ကျပြီးမှသာ ပြီးစီးနိုင်သဖြင့် ၂၀၃၂ ခုနှစ်မှ ပွဲလက်ခံ ကျင်းပနိုင်တော့မည်ဖြစ်ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံက ၂၀၂၉ အာရှဆောင်းရာသီ အားကစားပွဲတော် အိမ်ရှင်အဖြစ် လွှဲပြောင်းကျင်းပနိုင်ရေး စတင်စီမံနေရပြီဟု သိရှိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရေနံ
#ဆော်ဒီ
#ဆောင်းရာသီအားကစားပွဲတော်
#တောင်ကိုရီးယား








