မဲခေါင်၊ နိုဝင်ဘာ ၄
ကရင်ပြည်နယ်မြ၀တီမြို့ရှိ KK Park ကျားဖြန့်ဝင်းမှ ထွက်ပြေးလာသည်ဟု ယုံကြည်ရသော တရုတ် နိုင်ငံသား ၉ ယောက်ကို ကမ္ဘောဒီးယားနယ်စပ် ထိုင်းနိုင်ငံ ထရတ်ခရိုင်ရှိ ခလောင်းရိုင်ခရိုင်ခွဲ၊ ဘန်ချန်း ပင်လယ်ကမ်းခြေ ဧည့်ရိပ်သာအတွင်း နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်။
သံသယရှိဖွယ် နိုင်ငံခြားသားများ ရောက်ရှိလာသည်ဟု သတင်းပေးချက်အရ သွားရောက် စစ်ဆေးရာ ပတ်စ်ပို့တ်အပါ မည်သည့်အထောက်အထားမှ မရှိသော တရုတ်နိုင်ငံသား ၉ ဦးကို လောင်းကစားနှင့် ငွေကြေးခဝါချရာတွင် အသုံးပြုသည့် Applications များထည့်သွင်းထားသော မိုဘိုင်းဖုန်း ၄၈ လုံး (အတွင်းမှ ကျားဖြန့်နှင့် ငွေစာရင်းမှတ်တမ်းများ ဖျက်ထားပြီး) နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တစ်ဦးမျှ ထိုင်းလိုမပြောတတ်သဖြင့် ထရတ်ခရိုင်၊ မိုင်ရွတ်ရဲစခန်းတာဝန်ရှိသူများသည် စကားပြန်ရှာ ဖွေကာ မေးမြန်းစုံစမ်းရာ ထိုထဲမှ တရုတ်တစ်ဦးက မိမိသည် ယူနန်ပြည်နယ်သားဖြစ်ကာ မည်သူများက ယခုနေရာသို့ ပို့ခဲ့ပြီး လက်ရှိရောက်နေသော နေရာလည်းမသိ၊ သွားရမည့် နေရာလည်း မသိဟု ထွက်ဆိုခဲ့သည်ဟု သိရသည်။
ဧည့်ရိပ်သာပိုင်ရှင် ဆွမ်ဂျိုင်းအား ခေါ်ယူမေးမြန်းရာ နိုင်ငံခြားသားများဖြစ်နေသောကြောင့် လက်မခံချင်သော်လည်း မိုးအလွန်ရွာသွန်းနေသဖြင့် စာနာပြီး လက်ခံခဲ့မိကြောင်း၊ လာပို့သူများသည် အနက်ရောင် Toyota Fortuner ကားတစ်စီး၊ ဘန်ကောက်လိုင်စင်ပြားနှင့် ဗန်ကားတစ်စီးဖြင့် လာပို့ခဲ့ခြင်း ဖြစ်ကာ မည်သည့် မှတ်ပုံတင်အထောက်အထားမှ မပေးဘဲ အခန်းခနှင့်စားသောက်စားရိတ်များ ကြို တင်ပေးသွားသည့် ထိုင်းနိုင်ငံသားများဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေပြီး ထို တရုတ် ၉ ယောက်ရောက်ရှိနေရာ ထရတ်ခရိုင် သည် ကမ္ဘောဒီးယားနယ်စပ်ခရိုင်ဖြစ်ကာ လှေဖြင့် ကမ္ဘောဒီးယားကျားဖြန့်ရပ်ဝန်းသို့ သွားရန် ခိုးဝင် လာသူများဖြစ်မည်ဟု ရဲတပ်ဖွဲ့က သုံးသပ်ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ကျားဖြန့်
#တရုတ်
#ကမ္ဘောဒီးယား
#မြဝတီ
#ထိုင်းနိုင်ငံ








