မဲခေါင်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်သည့် လားရှိူးမြို့တာဝန်ကျ ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ကုန်တင်ယာဥ်နှင့် လိုင်စင်မဲ့ကားများအပေါ် ငွေတောင်းကြမ်းနေပြီး မူးယစ်ဆေးဝါးသုံးစွဲကာ သေနတ်တကားကားဖြင့်ရမ်းကားနေကြောင်း ဒေသခံတစ်များက မဲခေါင်သို့ ပြောသည်။
ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က လားရှိုးရှိ Ktv တစ်ခု၌ k ခေါ် မူးယစ်ဆေးတစ်မျိုးသုံးပြီး အရက်သောက်ကာ လားရှိုးရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်း၌ တရားမဝင် ကိုင်ဆောင်နေသည့် ပစ္စတိုဖြင့် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့ကြောင်း၊ ယင်းကိစ္စကြောင့် လားရှိုး ပြည်နယ်ရဲမှူးကိုယ်တိုင် မျိုးထိုက်ကို အချုပ်ထဲ ထည့်ခဲ့သော်လည်း ညတွင်းချင်း အချုပ်ထဲမှ ပြန်လွတ်လာခဲ့သလို ၎င်းကိစ္စအား အထက်ဌာနသို့ ဆက်လက်တင်ပြခြင်း၊ အမှု့ဖွင့်အရေးယူခံခဲ့ရခြင်း မရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူက အထက်ကိုဂါနိုင်တယ်ဆိုပြီး သောင်းကြမ်းနေတာ။ ဆေးလဲစွဲနေပြီ။ အဆိုးဆုံးတော့ မူးလာရင် သေနတ်တကားကားနဲ့ လူမိုက်စကားပြောပြီး ခြိမ်းခြောက်တာဘဲ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
၎င်းသည် လားရှိုးမြို့ကို ဖြတ်သွားသည့် မူဆယ်မှ အကောက်ခွန်မဲ့ကုန်စုံ ကားများထံမှ ၁၂ ဘီး တစ်စီး လျှင်ကျပ် ၃ သိန်း၊ ၆ ဘီး တစ်စီးလျှင် ၂ သိန်းကျပ် ရယူလာဘ်စားလျက်ရှိပြီး ၎င်း၏ တပည့်ဖြစ်သူ စကားပြောစက်နာမည် ရည်မှန်းမှတဆင့် ရယူနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည် အတည်ပြုသည်။
ယင်းအပြင် ယာဥ်တိုက်မှုများကို အမှုမဖွင့်ဘဲ အလှည့်ကျ တာဝန်မှူးများက ယာဥ်မောင်းများဆီထံ လာဘ်ငွေတောင်းခံကာ လွှတ်ပေးပြီး ယင်းလာဘ်ငွေ၏ ၄ ပုံ ၁ ပုံ ကို ယာဉ်ထိန်းရဲမှူးမျိုးထိုက်ကို ပေးရကြေင်း ယင်းက ဆိုသည်။
လိုင်စင်မဲ့ Without ကားများ ရောင်းဝယ်သည့် ကားပွဲစားတန်းဆီမှလည်း လစဥ်ကြေးကောက်ခံ နေသူဖြစ်ပြီး ထိုသို့လာဘ်ယူထားသည့် ငွေများဖြင့် ပြင်ဦးလွင်မြို့အထွက် ပြင်ဦးလွင်-မိုးကုတ် ကားလမ်းဘေး၌ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ခဲ့ပြီးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
၎င်းယာဉ်ထိန်းရဲမှူးသည် လားရှိုးမြို့တွင် ၂၀၂၁ခုနှစ်၊ ဇူလိုင်လကတည်းက လားရှိုးမြို့သို့ ရောက်လာသူဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့များ လားရှိုးမြို့ကို သိမ်းပိုက်ထားချိန်တွင် အခြားမြို့၌ သွားရောက်နေထိုင်ပြီး ယခု စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်သည့်အခါ ပြန်ရောက်လာခြင်းဖြစ်သည်။
လားရှိုးမြို့သည် စစ်ကောင်စီထိန်းချုပ်နေသော်လည်း နေ့စဥ်လို မူးယစ်မှု၊ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု များဖြင့်ရာဇဝတ်မှုများ ထူပြောနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းကပင် လူ၃ဦးသေဆုံးသည်အထိ ဆေးကြောင်နေသူတစ်ဦး၏ ယာဥ်တိုက်မှုဖြစ်ပွားခဲ့သေးသည်။
#MeKongNews
#လားရှိုး
#ယာဉ်ထိန်းရဲ
#မူးယစ်ရမ်းကား
#လာဘ်စား
#မျိုးထိုက်








