မဲခေါင်၊ အောက်တိုဘာ ၁၈
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် နှင့် နမ္မတူမြို့နယ် ဆက်စပ်ထားသည့် ကားလမ်းပေါ်မှ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံထားရကြောင်း SSPP Info က ယနေ့ ထုတ်ပြန်သည်။
သီပေါမြို့နယ်နှင့် နမ္မတူမြို့နယ်ကို ဆက်စပ်ထားသည့် နမ္မတူချောင်းပေါ်ရှိ မိုးတေတံတားသည် ယမန်နေ့ ည ၈ နာရီကျော် အချိန်တွင် မိုင်းခွဲဖျက်ဆီးခံရ၍ တံတား၏ အလယ်နေရာတွင် ကျိုးကျပျက်ဆီးသွားသည်ဟု ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်တွင် “မိုင်းခွဲသံတော့ တော်တော်ကျယ်တယ် (၅) ချက်လောက်ကြားရတယ် အဲ့ချိန် လေယာဉ်တွေ ဒရုန်းတွေတော့ မလာဘူး” ဟု မြေပြင်သတင်းရင်းမြစ်၏ ပြောဆိုချက်ပါရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ၈ရက်နေ့က ယင်းမိုးတေတံတား ချိုးဖျက်ခံရကြောင်း သတင်းမှားများ ထွက်ပေါ်လာခဲ့ပြီး ယခုအခါ အမှန်တကယ် မိုင်းခွဲခံခဲ့ရခြင်းဖြစ်သည်။
သီပေါမြို့ခံ အချို့ကမူ ယမန်နေ့ညပိုင်းက မိုးတေတံတားဘက်မှ လက်နက်ကြီးသံများကြားခဲ့ရကြောင်း မဲခေါင်သို့ ပြောသည်။
လက်ရှိအချိန်တွင် ထိုနေရာအား ဖြတ်သန်းသွား လာရေးအတွက် TNLAမှ စက်လှေဖြင့် ပို့ဆောင်ပေးနေကြောင်း SSPP Info က ဆိုသည်။
#MeKongNews
#နမ္မတူ
#သီပေါ
#မိုးတေတံတား
#မိုင်းခွဲခံရ








