မဲခေါင်၊ အောက်တိုဘာ ၁၅
အမေရိကန်ဘဏ္ဍာရေးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ကမ္ဘောဒီးယား၌ အခြေစိုက်သည့် ကျားဖြန့် ကွန်ရက်ခေါင်းဆောင် ကမ္ဘောဒီးယားသား ချန်ဇီနှင့် ပတ်သက်သည့် လူနှင့်အုပ်စုပေါင်းများစွာကို ယူကေနှင့်အတူ ပူးပေါင်းကာ ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ကြောင်းနှင့် ပိုင်ဆိုင်မှု ဒေါ်လာ ၄ ဘီလီယံဖိုးကိုလည်း သိမ်းဆည်းလိုက်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘောဒီးယားအပါ အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများသည် နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ ဒေါ်လာ ဘီလီယံပေါင်းများစွာကို လိမ်ယူနေကာ လူမှောင်ခိုမှု၊ အလုပ်ဗန်းပြလိမ်လည်ခေါ်ဆောင်အာ အဓမ္မ ကျားဖြန့်လုပ်ငန်းများခိုင်းစေမှုများ ရှိနေသည်။
အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) နှင့် ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုများ နှိမ်နင်းရေးကွန်ရက် (FinCEN)တို့သည့် ယူကေ၏ နိုင်ငံခြား၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO)နှင့်ပူးပေါင်းကာ ကျားဖြန့်နှိမ်နင်းရေးသမိုင်း၌ အကြီးမားဆုံး ပူးပေါင်းဆောင်ရွက်မှုအဖြစ် ယခုလို အရေးယူမှုများ၊ ပိုင်ဆိုင်မှု သိမ်းဆည်း ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပိတ်ဆို့အရေးယူမှုများလုပ်ဆောင်ရာတွင် Prince Group Transnational Criminal Organization (Prince Group TCO)နှင့် Huione Group တို့အား အမေရိကန်နိုင်ငံ ဘဏ္ဍာရေးစနစ်အတွင်းမှ လုံး၀ ဖြတ်တောက်အရေးယူကာ ဒေါ်လာဘီလီယံချီ ငွေကြေးခဝါချမှုများကြောင့် မည်သည့် အမေရိကန်၊ ယူကေ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှ ပတ်သက်ခြင်းမပြုရန်ပါ ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။
Prince Group TCO သည် ချန်ဇီ ဦးဆောင်ထူထောင်ထားသော ကျားဖြန့်၊ အွန်လိုင်းရင်းနှီးမြှပ်နှံမှု အယောင်ပြ ငွေလိမ်မှု၊ လူမှောင်ခိုကူးမှုများအပြင် လူသတ်မှုပင်ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကာ ၎င်း၏ ကွန်ရက် အတွင်း ပါဝင်နေသော Prince Holding Group နှင့် Prince Bank Plc အပါအဝင် ဟန်ပြေအဖြစ် ကမ္ဘာအနှံ့ဖွင့်လှစ်ထားသည့် မိတ်ဖက်အဖွဲ့အစည်း ပစ်မှတ် ၁၄၆ ခုအား ပိတ်ဆို့အရေး ယူကြောင်း OFAC ကလည်း ထုတ်ပြန်ခဲ့သည်။
FinCEN ၏ စုံစမ်းဖော်ထုတ်မှုအရ Huione Group သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ငွေကြေး အနည်းဆုံး ဒေါ်လာ ၄ ဘီလီယံကို ငွေကြေးခဝါချခဲ့ကြောင်း၊ ထိုအထဲတွင် မြောက်ကိုရီးယားမှ ဆိုက်ဘာတိုက်ခိုက်ခိုးယူခဲ့သည့် ငွေများလည်း ပါဝင်သဖြင့် အမေရိကန်ဘဏ္ဍာရေးနယ်ပယ်၌ ၎င်းအုပ်စုနှင့် မည်သည့် ပတ်သတ်မှုမျိုးမှမရှိရန် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းရေးမှူး စကော့ဘက်ဆန့်က နယ်စပ်ဖြတ်ကျော် ကျားဖြန့် ရာဇဝတ်မှုများကြောင့် အမေရိကန်နိုင်ငံတစ်ခုတည်း နစ်နာရမှုသည် ဒေါ်လာ ၁၆ ဘီလီယံ ရှိခဲ့ကာ Prince Group သည် ထိုလိမ်လည်မှုများ၌ ထဲထဲဝင်ဝင်ပါဝင်နေခဲ့သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်မှ ရရှိသော သတင်းအရ ချန်ဇီကွန်ရက်သည် ပါလာရူကျွန်းနိုင်ငံကျားဖြန့်လုပ်ငန်း ချဲ့ထွင်နေမှုတွင်ပါ အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး ထိုကျွန်းတွင် Grand Legend International Asset Management Co. အမည်ဖြင့် ဟိုတည်လုပ်ငန်းဟန်ပြကာ တရားမဝင် ငွေကြေးခဝါချ၊ လိမ်လည်မှု လုပ်ငန်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
၃၈ နှစ်သာရှိသေးသော ချန်ဇီကို ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံးက အောက်တိုဘာ ၈ ရက်၌ လိမ်လည်မှု၊ ငွေကြေးခဝါချမှုများအတွက် စွဲချက်တင်ခဲ့ကြောင်း အောက်တိုဘာ ၁၄ ရက် ထုတ်ပြန် ချက်အရ သိရှိရပြီး ယခုလို ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းနှင့် ပိတ်ဆို့အရေးယူမှုများအတွက် ချန်ဇီနှင့် ၎င်း၏ Prince Group တို့မှ တုံ့ပြန်မှု တစ်စုံတစ်ရာ မလုပ်ကြသေးပေ။
အမေရိကန်နှင့် ယူကေတို့ သိမ်းယူလိုက်သည့် ပိုင်ဆိုင်မှုတန်ဖိုးမှာ ဘစ်ကွိုင် ၁၂၇၂၇၁ သို့မဟုတ် စင်ကာပူဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံရှိသည်ဟုလည်း အမှုလိုက် ရှေ့နေများ အဆိုအရ သိရှိရသည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ချန်ဇီ
#အမေရိကန်
#ယူကေ








