မဲခေါင်၊ အောက်တိုဘာ ၁၀
အောက်တိုဘာ ၉ ရက်နေ့တွင် အစ္စရေးဘက်မှ ဟားမက်စ်နှင့် ပထမအဆင့် ငြိမ်းချမ်းရေးသဘောတူညီ ချက်ရရှိပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ရာ ၇၂ နာရီအတွင်း ဟားမက်စ်တို့ ဖမ်းဆီးထားသည့် အသက်ရှင်လျက်ကျန်ရှိသေးသော ဓားစာခံ ၂၀ ပြန်လွှတ်ပေးမည်ဖြစ်သလို အစ္စရေးဘက်မှ ဖမ်းဆီး ထားသည့် ပါလက်စတိုင်း ၂၀၀၀ ပြန်လွှတ်ပေးရန်ပါ သဘောတူညီမှု ရခဲ့ပြီဖြစ်သည်။
အောက်တိုဘာ ၇ ရက် ဟားမက်စ်၏ အစ္စရေးနယ်ထဲဝင်ကာ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဂါဇာ အတွင်း ၂ နှစ်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲသည် အဆုံးတိုင် ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အချက် ၂၀ ပါ ငြိမ်းချမ်းရေးအဆိုကို တင်ပြခဲ့ကာ အာရပ်၊ မွတ်ဆလင် နိုင်ငံ များပါကြားဝင်စေ့စပ်ခြင်းဖြင့် ပထမအဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်ကတည်းက အစ္စရေးဘက်မှ ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးအဆိုပြုချက် ၂၀ စလုံးကို လက်ခံ ထားခဲ့ပြီး ယခု ပထမအဆင့်သဘောတူညီချက်ရပြီဖြစ်သောကြောင့် အစ္စရေးတပ်များ၏ ဂါဇာအတွင်း စစ်ဆင်ရေးများသည်လည်း ချက်ချင်း ရပ်တန့်သွားခဲ့ရသလို ဓားစာခံများလွှတ်ပေးပြီး ပါလက်စတိုင်း အကျဉ်းသားများပြန်လည် လွှတ်ပေးအပြီးတွင် ဒုတိယအဆင့်အဖြစ် အစ္စရေးတပ်များသည် အပြာရောင်စည်းသတ်မှတ်ထားသော ထိန်းချုပ်ဂါဇာနယ်မြေများမှ အဝါရောင်စည်းနောက်ဘက်အထိ ဆုတ်ခွာပေးမည်ဖြစ်ကာ ထို့နောက် တစ်ဆင့်သဘောတူညီချက်ရလျှင် အနီရောင်စည်း၊ နောက်ဆုံး လုံခြုံရေးဇုန်အဖြစ် သတ်မှတ်ထားသည့် အစ္စရေးနှင့် ဂါဇာကြား နယ်စပ်စည်းအထိ ဆုတ်ပေးသွားမည် ဖြစ်သည်။
ဒေါ်နယ်ထရမ့်က အမေရိကန်တပ်များကို ဂါဇာအတွင်းသို့ စေလွှတ်ပေးရန်မရှိဟု အတည်ပြုသော် လည်း ငြိမ်းချမ်းရေး စာချုပ်အပြီးသတ်နိုင်ရေး စောင့်ကြည့်မည့် အမေရိကန်စစ်သား ၂၀၀ ကိုမူ အစ္စရေး ပိုင်နက်အတွင်းစေလွှတ်စောင့်ကြပ်စေမည်ဟု ထုတ်ပြန်ခဲ့သည်။
အစ္စရေးနှင့်ဟားမက်စ်တို့၏ ဂါဇာ စစ်ပွဲ အဆုံးတိုင် ငြိမ်းချမ်းရေးရရှိနိုင်ရန်မှာမူ မလွယ်ကူသေးဘဲ ဒေါ်နယ်ထရမ့်တင်ပြထားသည့် အဆိုများထဲမှ စစ်ပြီး ဆုံးလျှင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့အား မိမိနှင့်အတူ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ဦးဆောင် ကာ ဂါဇာတွင်း ပြည်သူ့အစိုးရတစ်ရပ် မဖော်ဆောင်မီ အုပ်ချုပ်စီမံပေးသွားမည်ဆိုခြင်းကို ဟားမက်စ် ဘက်မှ လက်မခံကြောင်း တုံ့ပြန်ထားသည်ဟုလည်း သိရသည်။
ဝါရှင်တန်အစိုးရနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတစ်လျှောက် ဆွေးနွေးမှု၌ ပါဝင်ခဲ့သော ဟားမက်စ်စီနီယာခေါင်းဆောင်တစ်ဦးဖြစ်သည့် အိုဆမာဟမ်ဒန်က ပါလက်စတိုင်း အာဏာပိုင်များအပါ ပါဝင်သည့် အဖွဲ့အားလုံးက တိုနီဘလဲအား ဂါဇာအသွင်ပြောင်းမှု၌ ဦးဆောင်သူအဖြစ် ခန့်ထားမည်ဆိုခြင်းကို လက်မခံကြောင်း အယ်လ်အာရဘီ သတင်းဌာနသို့ ပြောသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဂါဇာ
#အစ္စရေး
#အပစ်ရပ်
#တိုနီဘလဲ








