မဲခေါင်၊ အောက်တိုဘာ ၇
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရုရှားသည် ယူကရိန်းနိုင်ငံ နေရာအနှံ့သို့ ဒုံးကျည် ၄၀ နှင့် ဒရုန်းပေါင်း ၅၀၀ ကျော်အသုံးပြု တိုက်ခိုက်ခဲ့သည့်အတွက် အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ကာ ထိုတိုက်ခိုက်မှုတွင် မထင်မှတ်ဘဲ ဗြိတိန်ထုတ်နှင့် အနောက်နိုင်ငံများထုတ်လုပ်သည့် လက်နက်စနစ် ၅၄၉ ခု တွေ့ရှိရသည် ဟု ယူကရိန်းသမ္မတ ဇီလန်းစကီးက ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ရုရှားနိုင်ငံထုတ်မဟုတ်သော ပြည်ပထုတ် လက်နက်စနစ်အစိတ်အပိုင်းများတွေ့ရှိမှုမှာ တစ်သိန်းကျော်အထိရှိခဲ့ကာ ဗြိတိန်ထုတ် မိုက်ခရိုကွန်ပျူတာများစွာလည်း ပါဝင်ခဲ့သည်ဟု ဇီလန်းစကီးက ဆိုပြီး ရုရှားအား ပိတ်ဆို့အရေးယူမှုများသည် ပိုမိုတိကျထိရောက်စေသင့်သည်ဟု ဝေဖန်သွားခဲ့သည်။
ဗြိတိန် အစိုးရကမူ ဇီလန်းစကီး စွပ်စွဲချက်သည် အလွန်ဆိုးရွားသော အခြေအနေဟုသာ တုံ့ပြန်ခဲ့သည်။
အောက်တိုဘာ ၅ ရက်က ယူကရိန်းဘက်မှလည်း ရုရှား၏ စစ်ရေးမဟာဗျူဟာ အားသာချက်ဖြစ်သော ရေနံနှင့် လောင်စား ပင်မရင်းမြစ်များသို့ အထိရောက်ဆုံး တိုက်ခိုက်မှုအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက ရုရှားကျူးကျော်သိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသမှ ဖီအိုဒိုးရှား ရေနံသို့လှောင် ဆိပ်ကမ်းကို တိုက်ခိုက်နိုင်ခဲ့သည်။
ဖီအိုဒိုးရှားသည် ရုရှားတို့ ထိုးစစ်ဆင်နေသည့် ရှေ့တန်းစစ်မျက်နှာပြင်နောက် ၂၅၀ ကီလိုမီတာအကွာတွင် တည်ရှိကာ အဓိက လောင်စာထောက်ပံ့ရာ သိုလှောင်ရုံဖြစ်ပြီး မီးလောင်ပေါက် ကွဲမှုများကြောင့် မီးလုံးများ ကောင်းကင်အမြင့် ပေ ရာချီ မြင့်တက်လောင်ကျွမ်းခဲ့သည်။
ယင်းရေနံသိုလှောင်ရုံသည် လောင်စာ တန် ၂၅၀၀၀၀ သိုလှောင်ရာ ဗဟိုချက်ဖြစ်သောကြောင့် ရုရှားနိုင်ငံ အတွင်း ဓာတ်ဆီဆိုင်များစွာ ဆီပြတ်လပ်မှုကြောင့် ပိတ်ခဲ့ရသည်။
ခရိုင်းမီးယားဒေသရှိ ဆီဆိုင်တစ်ဝက်ဝန်းကျင် ပိတ်ခဲ့ရသလို မော်စကိုအပါ နိုင်ငံတစ်ဝန်း မြို့ကြီးများရှိ ဆီဆိုင်များစွာသည် လည်း ဆီပြတ်တောက်သဖြင့် ပိတ်ထားရသည်။
ဖွင့်ထားရသည့်ဆိုင်များတွင်လည်း ဆီရရန် နာရီပေါင်း များစွာ တန်းဆီနေရကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင် ယူကရိန်းသည် ရုရှားနိုင်ငံ၏ အသက်သွေးကြော ရေနံနှင့်လောင်စာသိုလှောင်ရုံများ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အကြီးမားဆုံး သိုလှောင်ရုံ ၃၈ လုံးအနက် တစ်ဝက်ကျော်အား ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သဖြင့် ရုရှားသည် ရေနံတင်ပို့မှုကိုပင် ပိတ်ပင်ကာ ပြည်တွင်းလောင်စာ လုံလောက်ရေးကိုပင် မစီစဉ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#စစ်လက်နက်
#ဗြိတိန်
#ဥရောပ
#ယူကရိန်း








