မဲခေါင်၊ အောက်တိုဘာ ၇
သက်ဆိုင်သူအားလုံး အမြန်ဆုံးလှုပ်ရှားကာ အစ္စရေးနှင့်ဟားမက်စ်တို့အကြား ငြိမ်းချမ်းရေးသဘောတူ ညီမှု ရယူခြင်းကြန့်ကြာနေပါက ဂါဇာတွင် သွေးချောင်း ထပ်စီးရမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံသတိပေးသွားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ယခုသီတင်းပတ်ကုန်တွင် ဟားမက်စ်တို့ ဖမ်းဆီးထားသော လက်ကျန်ဓားစာခံအားလုံး ပြန်လွှတ်ပေးရန် သဘောတူညီမှုရထားပြီး ထရမ့်တင်ပြသည့် ငြိမ်းချမ်းရေး အဆို အချက် ၂၀ တွင် တချို့သောအချက်များကို ဟားမက်စ်ဘက်မှ လက်ခံသော်လည်း ထပ်ဆွေးနွေးရ မည့်အနေအထားမျိုး တုံ့ပြန်ထားသည်။
အီဂျစ်အပန်းဖြေမြို့ ရှမ်းအယ်လ်ရှိတ်ခ်တွင် ထရမ့်၏ ငြိမ်းချမ်းရေးအဆိုပြုချက် အချက် ၂၀ နှင့်ပတ်သက်ပြီး သဘောတူညီနိုင်ရေး အမေရိကန်၊ အာရပ်နှင့် အစ္စလာမ္မစ်နိုင်ငံများမှ ငြိမ်းချမ်းရေး ကြားပွဲစားများ ဆွေးနွေးနေပြီး ထရမ့်၏ သားမက် ဂျရတ်ကွတ်ရှနာ အီဂျစ်သို့ရောက်နေပြီး အရှေ့ အလယ်ပိုင်းဒေသသို့ ပူတင်၏ လက်ရုံး စတိဗ်ဝပ်ကော့ဖ် ရောက်ရှိနေပြီဖြစ်သည်။
ယင်းအခြေအနေတွင် ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social ပေါ်၌ ဟားမက်စ်၊ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးနေသည့် နိုင်ငံများအကြား ဆွေးနွေးမှုများသည် အလွန်အားတက်ဖွယ်ရာ အကောင်းမြင်ရလဒ်များဖြစ်ပေါ်နေကြောင်း၊ အောက်တိုဘဘာ ၆ ရက်တွင် အီဂျစ်၌ ထပ်တွေ့ဆုံပြီး နောက်ဆုံးပိတ်သဘောတူညီချက်ရရေး ဆွေးနွေးမည်ဖြစ်ကာ ယခုတစ်ပတ်အတွင်း ပထမအဆင့် သဘောတူညီချက် ရရှိစေရမည်ဟု ပြောဆိုသွားခဲ့သည်။
ပါဝင်သူအားလုံး အမြန်ဆုံး စာချုပ်နိုင်ရေး လုပ်ဆောင်ကြရန်နှင့် ထပ်မံကြန့်ကြာနေပါက စိတ်ရှည်သီးခံစရာမရှိတော့ဘဲ မည်သူမျှ မမြင်ချင်သည့် သွေးချောင်းစီးမှုမျိုး ဂါဇာတွင် ဖြစ်သွားရလိမ့်မည်ဟု ရေးသားကာ သတိထပ်ပေးသွားခဲ့သည်။
ဟားမက်စ်သည် အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှု၌ ဓားစာခံ ၂၅၁ ယောက်ကို ဖမ်းဆီးခေါ် ဆောင်သွားကာ လက်ရှိတွင် ဂါဇာအတွင်း ရှိနေသေးသည့် ဓားစာခံ ၄၇ ယောက်ကျန်ရှိနေသေးသည်။ အစ္စရေးစစ်တပ်က ထိုကျန်ရှိဓားစာခံများထဲမှ ၂၅ ယောက်သည် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန် ထားသည်။
ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်နှင့် ဓားစာခံများလွှတ်ပေးရန် စီစဉ်နေချိန် အစ္စရေးအနေဖြင့် ဂါဇာအတွင်း ဗုံးကျဲတိုက်ခိုက်မှုများ မလုပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အောက်တိုဘာ ၅ ရက်က ပန်ကြားသော်လည်း ထိုနေ့မှာပင် အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာအတွင်း အနည်းဆုံး အယောက် ၂၀ သေဆုံးခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အစ္စရေး
#ဟားမက်စ်
#ဂါဇာ
#ဒေါ်နယ်ထရမ့်








