မဲခေါင်၊ စက်တင်ဘာ ၂၇
မီးပုံပျံပွဲကျင်းပရာ တောင်ကြီးမြို့၊ အဝေရာကွင်းတွင်ကျင်းပမည့် တောင်ကြီးသီတင်းကျွတ်ဂီတပွဲ – Taunggyi Thadingyut Music Festival တွင် ညဈေးသန်များ မဖြစ်မနေသွားရောက်ရောင်းချရန် စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရနှင့် စည်ပင်မှ အမိန့်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကြီးမြို့၏ ညစျေး နှစ်ခုဖြစ်သည့် Night 38 ညစျေးနှင့် ကမ္ဘောဇညစျေးများတွင် ရောင်းချသည့် ညဈေးသည်များအနေဖြင့် ဂီတပွဲကျင်းပမည့် နေ့ရက်များတွင် ပွဲနေရာသို့ မဖြစ်မနေ ပြောင်းရွှေ့ကာ ဈေးရောင်းချရန် စည်ပင်က ဖိအားပေးထားပြီး မရောင်းချပါက လက်ရှိရောင်းချနေသည့် ညဈေးများတွင် ဈေးရောင်းချခွင့် ၂လ ပိတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ညဈေးသည်များထံမှ သိရသည်။
ယင်းဂီတပွဲကျင်းပနေစဉ်အတွင်း ညစျေး ၂ခုလုံးပိတ်ပေးထားရမည်ဖြစ်ပြီး ဂီတပွဲတွင် စျေးရောင်းချရန်အတွက်ကိုလည်း ဆိုင်နေရာကို တစ်ရက်လျင် ကျပ်၅သောင်းဖြင့် စည်ပင်မှတဆင့် နေရာပြန်ဝယ်ပြီး စျေးရောင်းရမည်ဖြစ်ကြောင်း ညဈေးသည်များထံမှ သိရသည်။
“အဲလိုနေ့မျိုးဟာ Night 38 မှာ ရောင်းအားကောင်းတာ ပုံမှန်ရောင်းကြေးထက် ၃ဆလောက် ရောင်းရတယ်။ လတ်တလောတော့ Night 38 ညစျေးက စျေးသည်တွေ ကန့်ကွက်စာတင်ထားတယ်။ ရ၊ မရမသိသေးဘူး။ ပြီးတော့ ပွဲချိန်က ညနေ ၃နာရီက ၁၀နာရီအထိပဲ ဆိုတော့ နေ့စဥ်သွားလာ သယ်ပြုရတာ လွယ်တာမဟုတ်ဘူး” ဟု Night 38 မှစျေးသည်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ဂီတပွဲudk လာမည့် အောက်တိုဘာ ၄ရက်မှ ၆ရက်အထိပြုလုပ်မည်ဖြစ်ပြီး စျေး ၂ခုတွင် စျေးရောင်းချနေသည့် စျေးသည်မှန်သမျှ ၎င်းဂီတပွဲ ကျင်းပသည့် ရက်မတိုင်ခင် တစ်ရက်အလိုမှစ၍ ကျင်းပမည့် နောက် ၃ရက်ထိ ၄ရက်တိုင်တိုင် မဖြစ်မနေ သွားရောက် ရောင်းချရန် ဖို့ အတင်းအဓမ္မ ဖိအားပေးခံနေရကြောင်း စျေးသည်များက ပြောသည်။အလားတူ အကြပ်ကိုင်ခံရသည့် ကမ္ဘောဇညစျေးတွင်မူ ကန့်ကွက်ရဲသူ မရှိသောကြောင့် သွားရောင်းရနိုင်ချေ ရှိနေကြောင်း ဈေးသည်များကပြောသည်။
“ဒီမှာ(ကမ္ဘောဇညဈေး) ရောင်းရင် ပုံမှန်ထက် ၂ဆလောက်ရတာကို၊ အဲဒီမှာ လူစည်အောင် အတင်း သွားရောင်းခိုင်းလို့သာ သွားရမှာ၊ နေရာခစျေးနဲ့ ရမှာနဲ့ မကိုက်နိုင်ဘူး။ ဒီမှာစျေးလာတာက စားဖို့လာကြတာ၊ ဟိုမှာက ပွဲကြည့်ဖို့လာကြတာ မတူဘူး။ လူများသလောက် စျေးမရောင်းရနိုင်ဘူး” ဟု ကမ္ဘောဇစျေးသည်တစ်ဦးက ပြောသည်။
ယင်းပွဲကို စီစဥ်သူများက ၎င်းတို့ပွဲလူပိုစည်စေရန် တင်ပြသဖြင့် ရှမ်းအစိုးရနှင့် စည်ပင်မှ အဓမ္မပြောင်းရွှေ့ရောင်းချစေခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။
မဟာ
#MeKongNews
#တောင်ကြီး
#သီတင်းကျွတ်
#အဝေရာကွင်း
#ကမ္ဘောဇညဈေး
#ညဈေး








