မဲခေါင်၊ စက်တင်ဘာ ၂၄
ချင်းမိုင်ရှိ ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး တိုင်းဒေသကြီးရုံး ၁ မှ ထုတ်ပြန်ချက်အရ မြန်မာနယ်စပ်ဘက်မှ မြေရှားနှင့်ရွှေမိုင်းတွင်းလုပ်ကွက်များမှ စွန့်ပစ်သည့် လေးလံသတ္တုနှင့် ဓာတုအဆိပ်အတောက်များကြောင့် နမ့်ခုတ်မြစ် အဆိပ်သင့်ညစ်ညမ်းမှုကြောင့် တစ်နှစ် စီးပွားရေး ဆုံးရှုံးမှု ဘတ် ၁ ဒသမ ၃ ဘီလီယံရှိသည်ဟု သိရှိရသည်။
နမ့်ခုတ်မြစ်ရေးအရင်းအမြစ် စမ်းသပ်မှုများအရ အာဆင်နစ်အက်ဆစ်ဓာတ်ပါဝင်မှုသည် အန္တရာယ်ရှိ သောအဆင့်သို့ရောက်နေသလို ခဲဓာတ်ပျော်ဝင်မှု၊ ပိုးသတ်ဆေးများပျော်ဝင်နေကာ ထိုင်း-မြန်မာ နယ်စပ် မိုင်းတွင်းများမှ လွှတ်သည့် အဆိပ်နှင့်ဓာတုပစ္စည်းများကြောင့် ယခုလို နမ့်ခုတ်မြစ်သာ ပျက်စီးသည်မက မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည့် မယ်ဆိုင်၊ မယ်ဟောက်နှင့် နမ့်ခုတ် မြစ်လက်တက်သုံးခုဆုံရာ တွင်ပါ ရေထုအဆိပ်သင့်ညစ်ညမ်းနေပြီဟု ဆိုသည်။
ထိုင်းတော်ဝင်ဘုရင်မိသားစု အထောက်အပံ့ဖြင့် သဘာ၀အခြေခံဖြေရှင်းရေးဆိုင်ရာ မယ့်ဖလုံဖောင်ဒေးရှင်းထူထောင်လုပ်ကိုင်နေသော ကျွမ်းကျင်ပညာရှင် ဆူပတ်ချာယာတီချာချူးချက် က စက်တင်ဘာ ၂၂ ရက်တွင်ကျင်းပသည့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖိုရမ်တွင် နမ့်ခုတ်မြစ် အဆိပ်သင့်ညစ်ညမ်းမှုသည် ထိုင်းမြောက်ပိုင်း ချင်းရိုင်ရှိ ခရိုင်ခွဲ ၂၀ အတွင်း နေထိုင်သော ပြည်သူအား လုံးအတွက် နစ်နာဆုံးရှုံးမှု ဘတ် ၅၁၁ သန်းရှိစေခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများမှ နစ်နာဆုံးရှုံးမှုတန်ကြေးများကိုပါ တွက်ဆလျှင် တစ်နှစ်အတွင်း စီးပွားရေးဆုံးရှုံးမှုသည် ဘတ် ၁ ဒသမ ၃ ဘီလီယံအထိ ရှိသည်ဟု ပြောကြားသွားခဲ့သည်။
“ဒီကနေ့ တုံယမ်ဟင်းကို နိုင်းလ်မြစ်က တီလာဗီးယား ဒါမှမဟုတ် နမ့်ခုတ်မြစ်က ငါးနဲ့ လုပ်ကြမလား ဆိုရင် အဆိပ်သင့်ရေထဲက နမ့်ခုတ်မြစ်ငါးကို ငြင်းပယ်ပီး တီလားဗီးယားနဲ့ပဲ လုပ်စားကြမှာပါ။ ဒီမြစ်က အဆိပ်သင့်ရေတွေဟာ မဲခေါင်မြစ်ဆီအထိ စီးဆင်းပြီး မဲခေါက်မြစ်ရေးကို သောက်သုံးကြသူ တွေများစွာရှိသလို မွေးမြူရေး၊ စိုက်ပျိုးရေးအတွက် မှီခိုအားထားနေကြတဲ့ ပြည်သူတွေအတွက် အမြန်ဆုံး အဖြေမရှာနိုင်ရင် ပိုမိုဆိုးရွားတဲ့ စီးပွားရေးထိခိုက်မှုကို ဖြစ်စေပါလိမ့်မယ်” ဟု ဆူပတ်ချာယာက သတိပေးပြောဆိုခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#နမ့်ခုတ်မြစ်
#မြေရှားသတ္တု
#ရွှေမိုင်း
#ထိုင်းနိုင်ငံ
#အဆိပ်သင့်








