မဲခေါင်၊ စက်တင်ဘာ ၂၄
ယခုရက်ပိုင်းများအတွင်း အရှေ့ဘက်စစ်မျက်နှာပြင်၌ ယူကရိန်း၏ တန်ပြန်ထိုးစစ် အထူးအောင်မြင်ကာ စတုရန်းမိုင် ၆၀ အထိ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းထိပ်တန်းဗိုလ်ချုပ် အိုလက်ဆန္ဒားဆာဆကီယီက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။
ဩဂုတ်လနောက်ပိုင်း ကိဗ်မြို့သို့ နေ့စဉ်ရက်ဆက် ရုရှားဘက်မှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသလို ရှေ့တန်းစစ်မျက်နှာပြင်များတွင်လည်း ယူကရိန်းတပ်များ စစ်ရှုံးပြီး နောက်ဆုတ်ရသဖြင့် ယူကရိန်းနယ်မြေများစွာကို အချိန်တိုအတွင်း ရုရှားသိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် ယူကရိန်းထိုးစစ်ကြောင့် ရုရှားတပ်များ တပ်ပျက်ကာ ဗုံးဒဏ်ထောင်းထောင်ကြေခဲ့ရသည့် ပေါ့ခ်ရိုဗက်စ်မြို့ စတုရန်းမိုင် ၇၀ ရှိ နယ်မြေမှ စစ်စခန်းများကိုလည်း ရုရှားတပ်များ စွန့်ပစ်ကာ တပ်ဆုတ်ထွက်ပြေးသွားကြသည်ဟုလည်း ဆာဆကီယီက ဆိုသည်။
ယင်းတန်ပြန်ထိုးစစ်တွင် ရုရှားစစ်သား ၁၅၀၀ သေဆုံးပြီး ထောင်နှင့်ချီကာ ဒဏ်ရာရသလို အနည်းဆုံး တင့်ကား ၁၂ စီးလည်း ဖျက်ဆီးနိုင်ခဲ့သည်။
စက်တင်ဘာ ၂၂ ရက်တွင် ဗိုလ်ချုပ် ဆာဆကီယီ ထုတ်ပြန်ချက်အရ ယူကရိန်းတပ်များသည် ရုရှားသိမ်းပိုက်ထားသောနယ်မြေများမှ စစ်စခန်း ၇ ခုကို ပြန်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို နောက်ထပ် စခန်း ၉ ခုမှ ရန်သူအဖျက်သမားအုပ်စုများ၊ စစ်ရေး ကင်းထောက်များကိုလည်း သုတ်သင်ရှင်းလင်းနေပြီဟု သိရှိရသည်။
ထိုထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီအထိ ရုရှားသိမ်းပိုက်ခဲ့သော နယ်မြေများထဲမှ ၁၆၄ စတုရန်းကီလိုမီတာ ပြန်သိမ်းပိုက်နိုင်သလို နောက်ထပ် ၁၈၀ ဒသမ ၃ စတုရန်းကီလိုမီတာတွင်လည်း ရန်သူအုပ်စုများကို ရှင်းလင်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီဟု ဖော်ပြပါရှိခဲ့သည်။
ဒိုဘရိုပီလီယာနှင့် ကိုစတီယန်တီနစ်ဗ်ကာ ဒေသကြား ၆ မိုင်ရှိသော နယ်မြေများကို တစ်ညတည်းနှင့် ယူကရိန်းတပ်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ တန်ပြန်ထိုးစစ် အအောင်မြင်ဆုံးအနေအထားရောက်နေသည်ဟု ယူကရိန်း သမ္မတ ဇီလန်းစကီးကလည်း ထုတ်ပြန်ခဲ့သည်။
ရုရှားဘက်ကလည်း ပိုကရိုဗက်စ်ဒေသတောင်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ပြီဟု တန်ပြန်ထုတ်ပြန်သော်လည်း ယူကရိန်းဘက်က မဟုတ်မမှန်သတင်းဟု ချေပခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ယူကရိန်း
#ရုရှား
#ကိဗ်မြို့
#ဇီလန်းစကီး








