မဲခေါင်၊ စက်တင်ဘာ ၁၈
စက်တင်ဘာ ၁၇ ရက်နေခင်းပိုင်းတွင် အငြင်းပွား ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဆာခဲရိုခရိုင်၌ ကမ္ဘောဒီးယားပြည်သူများနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့များ အခြေအတင်ဖြစ်ပွားခဲ့မှုကို ထိုင်းတော်ဝင် တပ်မတော်ရုံးချုပ်က စက်တင်ဘာ ၁၈ ရက်၌ အသေးစိတ်ထုတ်ပြန်ခဲ့ပြီး သံဆူးကြိုးများ ကာရန်တားဆီးထားမှုအား လာရောက်ဖယ်ရှားရာမှ မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်များအသုံးပြု ပစ်ခတ်ခဲ့ရသည်ဟု ထုတ်ပြန်သွားခဲ့သည်။
ဆာခဲရိုခရိုင် ဘန်နောင်ယာကေးရိုအရပ်၌ ကမ္ဘောဒီးယားရဟန်းရှင်လူပြည်သူများစွာ ရောက်လာပြီး ထိုင်းဘက်မှ ကာရန်ထားသည့် သံဆူးကြိုးများကို ဖယ်ရှာရာ ထိုင်းလုံခြုံရေးတပ်ဖွဲ့များက တားဆီး သော်လည်း တုတ်များ၊ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လေးခွဖြင့် ပစ်ခတ်ခြင်းများပြုလုပ်လာသဖြင့် လူစု ခွဲရန် ကမ္ဘောဒီးယားနယ်စပ်အာဏာပိုင်များထံ အကြောင်းကြားခဲ့သလို လူစုခွဲရေး အသံအမြောက်ပါ ယာဉ်အသုံးပြုသလို မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်များဖြင့် ပစ်ခတ်ကာ လူစုခွဲစေခဲ့ရာ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် လူစုကွဲကာ ပုံမှန်အခြေအနေပြန်ရောက်ခဲ့သည်ဟု ထိုင်းတော်ဝင် တပ်မတော်က ကြေညာသွားခဲ့သည်။
ထိုင်းဘက်က ကမ္ဘောဒီးယားအနေဖြင့် ပြည်သူများကို တံတိုင်းလုပ်ကာ ထိုင်းပိုင်နက်နယ်မြေများထဲ ရုန်းရင်းဆန်ခတ်အကြမ်းဖက်ဝင်ရောက်လာမှုမရှိစေရန် တားဆီးရမည်ဟု သတိပေးခဲ့ကာ ကမ္ဘောဒီးယား အစိုးရပြောရေးဆိုခွင့်ရှိသူက ထိုင်းအဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့အနေဖြင့် ဘုန်ကြီးနှင့် ပြည်သူများကို ယခုလို အကြမ်းဖက်တိုက်ခိုက်ခြင်းလုပ်ဆောင်မှုများအား ချက်ချင်း ရပ်တန့်ရန် သတိပေးခဲ့သဖြင့် နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲ ငြိမ်းချမ်းရေးရယူထားခြင်းမှာ ပြန်လည် တိုက်ပွဲဖြစ်နိုင် သည့် အနေအထားရှိနေကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်သစ် အနုတင်က နောင်ယာကေးရိုနယ်မြေသည် မာရှယ်လောထုတ်ထားဆဲနယ်မြေ ဖြစ်ကာ ယခုလို ကမ္ဘောဒီးယားဘက်မှ လူစုလူဝေးဖြင့် အကြမ်းဖက်သည့်အသွင်ဆောင်လာသော ကြောင့် ထိုအရေးဖြေရှင်းရန် စစ်တပ်လက်သို့ လွှဲအပ်လိုက်ကြောင်းလည်း စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#နယ်စပ်
#ကမ္ဘောဒီးယား
#ရော်ဘာကျည်








