မဲခေါင်၊ စက်တင်ဘာ ၁၆
ကာတာနိုင်ငံအတွင်း ဟားမက်စ်များကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့မှုအတွက် တုံ့ပြန်နိုင်ရေး အာရပ်နိုင်ငံခြားရေးဝန်ကြီးများ ဆော်ဒီနိုင်ငံ ဒိုဟာမြို့၌ လာမည့် စက်တင်ဘာ ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
စက်တင်ဘာ ၁၅ ရက်က ဒိုဟာတွင် ယင်းအရေးအတွက် အာရပ်နိုင်ငံခြားရေးဝန်ကြီးများနှင့် အစ္စလာမ္မစ်နိုင်ငံခေါင်းဆောင်များ ဒိုဟာတွင် အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် အစ္စရေး လုပ်ရပ်အတွက် တုံ့ပြန်နိုင်ရေး စက်တင်ဘာ ၂၁ ရက်တွင် အစည်းအဝေး ထပ်မံဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၉ ရက်နေ့က အစ္စရေးသည် အမေရိကန်မှ ကြားဝင်အဆိုပြုစေ့စပ်သည့် အစ္စရေး-ဟားမက်စ် အပစ်အခတ်ရပ်စဲရေးအတွက် ဟားမက်စ်ခေါင်းဆောင်များ ဒိုဟာသို့ ဆွေးနွေးရန် ရောက်ရှိနေစဉ် အစ္စရေးဘက်မှ ဖိုက်တာဂျက်လေယာဉ်များဖြင့် ဟားမက်စ်ခေါင်းဆောင်များ ရှိသည်ဟု သတင်းရရှိထားသော အဆောက်အအုံအား ၂ ကျော့တိုင် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ကာတာအချုပ်အခြာအာဏာပိုင်နယ်မြေအတွင်း အစ္စရေးကျူးကျော်တိုက်ခိုက်ခြင်းကို နိုင်ငံတကာက ရှုတ်ချပစ်တင်မှုများလုပ်ခဲ့ခြင်းနှင့်အတူ အရှေ့အလယ်ပိုင်းဒေသများအတွင်း အဓိကအားဖြင့် အမေရိကန်မှ အဓိက စစ်လက်နက်အခြေခံအဆောက်အအုံများကို အသုံးပြုနေခြင်းသည် ပြန်လည် ချင့်ချိန်စရာဖြစ်လာနိုင်သည်။
အစ္စရေးနှင့်ဟားမက်စ်တို့ ငြိမ်းချမ်းရေးရရှိရေး ကာတာနှင့် အီဂျစ်တို့က ငြိမ်းချမ်းရေးကြားပွဲစားများ အဖြစ် အမေရိကန်နှင့်ပူးပေါင်းကြိုးပမ်းနေမှုများသည်လည်း ဒိုဟာသို့အစ္စရေးတိုက်ခိုက်ခြင်းကြောင့် ရပ်ဆိုင်းသွားဖွယ်ရှိနေသလို အစ္စရေးနှင့် မဟာမိတ်ဖွဲ့နိုင်ရေးပင် နီးစပ်နေသော ပင်လယ်ကွေ့ဒေသ နိုင်ငံများ ယခုတိုက်ခိုက်မှုကြောင့် အစ္စရေးနှင့်အဓိကမဟာမိတ် အမေရိကန်တို့အပေါ် မှီခိုမှုကို စွန့်လွှတ် သည့် ဆုံးဖြတ်ချက်သည်လည်း လာမည့် အာရပ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေး လာဖွယ်ရှိနေသည်။
ကာတာဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်အယ်လ်သာနီက အစ္စရေး၏ မဆင်မခြင် ရန်လိုသော တိုက်ခိုက်မှု မိမိတို့နိုင်ငံအတွင်းအထိရောက်ရှိလာခြင်းကို တိုးတိတ်စွာဆက်နေမသင့်တော့ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးတွင်လည်း ရာဇဝတ်မှုကျူးလွန်ပြီး မသိကျွိုးကျွံပြုနေမှုအတွက် အနာဂတ်အနေ အထားအား ဆွေးနွေးရေး အာရပ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ခေါ်ယူရခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ပယ်လယ်ကွေ့ဒေသ အချုပ်အခြာအာဏာကြွယ်၀မှုရန်ပုံငွေရင်းမြစ်နှင့် ပိုင်ဆိုင်မှုများသည် ကမ္ဘာတစ်ဝန်း ဒေါ်လာ ၄ ထရီလီယံအထိ ရှိနေသဖြင့် ပယ်လယ်ကွေ့ဒေသ အုပ်ချုပ်သူများသည် စစ်ရေးအရာ၌ အမေရိကန်ကို အဓိက အားထားနေရသည့် မူဝါဒအသီးသီးအား ပြောင်းလဲပြီး အခြား အားထားရာ ရှာဖွေသွားနိုင်ကြောင်းလည်း သိရှိရသည်။
ကိုကလင်း
Ref: miamiherald
#MeKongNews
#ကာတာနိုင်ငံ
#အစ္စရေး
#ဟားမက်စ်
#အာရပ်








