မဲခေါင်၊ စက်တင်ဘာ ၁၃
မြောက်ကိုရီးယားအာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်သည် ပြည်ပခရီးသွားလုပ်ငန်းကို ပြန်လည် မြှင့်တင်နေပြီး ဦးစွာ မဟာမိတ်များဖြစ်သည့် ရုရှားနှင့်တရုတ်မှ ခရီးသွားများကို နိုင်ငံ၏ အထူး လည်ပတ်ရာ Wonsan အပန်းဖြေရိပ်သာသို့ စည်းရုံးခေါ်ယူနေသော်လည်း ခရီးသွားလမ်းညွှန်များအား အနောက်တိုင်းယဉ်ကျေးမှု အင်္ဂလိပ်စကားလုံးများ မသုံးရန် ဥပဒေဖြင့် တင်းကျပ်စွာ တားမြစ်ထား ကြောင်း သိရသည်။
Daily NK သတင်းလွှာတွင် ပြည်ပခရီးသွားများအား လိုက်ပို့မည့် ဧည့်လမ်းညွှန်များကို ဖျော်ဖြေဝန်ဆောင်မှုပေးရာ၌ အထူးသတိထားပြီး ရှောင်ကြဉ်ရမည့် ဆောင်ပုဒ်များ၊ စကားလုံးများ၊ စာပိုဒ်များအား အသေးစိတ် သင်တန်းပေးကာ မှာကြားထားကာ အထူးသဖြင့် ခရီးသွားလုပ်ငန်းတွင် တောင်ကိုရီးယားနှင့်အနောက်တိုင်းမှ အသုံးပြုသော အင်္ဂလိပ်စာအခြေပြု စကားလုံးများမသုံးဘဲ မြောက်ကိုရီးယား စကားလုံးများသာ သုံးစေရမည်ဟု ဖော်ပြသွားခဲ့သည်။
ထိုအစီအစဉ်တွင် မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီက ဦးဆောင်ကာ ခရီးသွားလမ်းညွှန် ၂၀ ကျော် ၃၀ ကို ကန်ဝန်ခရိုင်သို့ သင်တန်းစေလွှတ်ပြီး တင်းကျပ်သည့် စည်းမျဉ်းများဖြင့် ပြည်ပခရီး သွားဝန်ဆောင်မှုလုပ်ငန်းများလုပ်ရန် သင်ကြားခိုင်းစေခဲ့ကြောင်း သိရသည်။
ရယ်ဖွယ်ရာကောင်းသော ပိတ်ပင်မှုများတွင် ဟမ်ဘာဂါ၊ ကာရာအိုကေ၊ အိုက်စ်ခရင် (ရေခဲမုန့်)တို့ ပါဝင်နေသည်ဟု ဆိုသည်။
ခရီးသွားလမ်းညွှန်များကို ဟမ်ဘာဂါအား မြောက်ကိုရီးယား စကားလုံး dajin-gogi gyeopppang (အသားညှပ်ထားသည့် ပေါင်မုန့် ၂ ချပ်) ဟု ခေါ်စေကာ အိုက်စ်ခရင် ကို eseukimo ဟုသုံးနှုန်းရန် ညွှန်ကြားထားကြောင်း သိရသည်။
တောင်ကိုရီးယားတွင် ပေါ်ပျူလာဖြစ်သော ကာရာအိုကေစက် စကားလုံးဆိုလျှင် on-screen accompaniment machines (ဂီတ၊ တေးသံ၊ တစ်ဦးချင်း၊ အုပ်စုလိုက် သီဆိုနိုင်သော ဖန်သားပြင်) ဟု ခေါ်ဆိုမည်လားဟု ကင်ဂျုံအန် ပိတ်ပင်မှုများနှင့်ပတ်သက်ပြီး နောက်ပြောင် ပြောဆိုနေမှုများလည်း ရှိလာခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#မြောက်ကိုရီးယား
#ဟမ်ဘာဂါ
#အင်္ဂလိပ်စာ
#ကင်ဂျုံအန်
#ပိတ်ပင်








