မဲခေါင်၊ စက်တင်ဘာ ၁၃
ဒေါ်နယ်ထရမ့် မဲအနိုင်ရစေရေး ဩဇာကြီးစွာ စည်းရုံးပေးနိုင်ခဲ့သော လက်ယာစွန်းရောက် တက်ကြွ လှုပ်ရှားသူ ချာလီကာ့ခ်ကို လုပ်ကြံပစ်ခတ်ခဲ့သည့် သံသယတရားခံအား အခင်းဖြစ်ပြီး ၃၃ နာရီအကြာ တွင် ဖမ်းဆီးနိုင်ခဲ့ကာ ၂၂ နှစ်အရွယ်သာရှိသေးသည့် ယူတာ့ချ်အနောက်တောင်ပိုင်း ဒစ်ဇီနည်းပညာ ကောလိပ်မှ တတိယနှစ်လျှပ်စစ် သင်တန်းသား တိုင်လာရော်ဘင်ဆင်ဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၀ ရက်နေ့တွင် ယူတာခ်တက္ကသိုလ်ဝင်းအတွင်း ဟောပြောမှုလုပ်နေစဉ် မီတာ ၁၃၀ အကွာအဆောက်အအုံခေါင်မိုးပေါ်မှ လူတစ်ဦး ချာလီကာ့ခ်ဘယ်ဘက်လည်ပင်းသို့ ကျည်တစ်တောင့်တည်းဖြင့် ပစ်ခတ်ကာ လုပ်ကြံခဲ့ခြင်းဖြစ်ရာ မှတ်တမ်းများကို FBI က ရှာဖွေရာတွင် ဝတ်စုံအနက်ဖြင့် လူငယ်တစ်ဦး အမိုးပေါ်မှ ဆင်းသွားပြီး ပြေးလွှားနေသော ကျောင်းသားများအကြား လမ်းလျှောက်ထွက်လာကာ အနီးအနားတောအုပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် FBI က ၎င်းဓာတ်ပုံများကို ထုတ်ကာ သတင်းပေးနိုင်သူအား ဒေါ်လာ တစ်သိန်းပေးမည်ဟု ဆုငွေထုတ်ခဲ့ပြီးနောက် သံသယတရားခံကို ဖမ်းဆီးရမိကာ သေဒဏ်ပေးသင့်သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၂ ရက်တွင် ပထမဆုံး အသိပေးထုတ်ပြန်သွားခဲ့သည်။
ဖမ်းဆီးရမိမှုတွင် တိုင်လာရော်ဘင်ဆင်သည် မိသားစုအား ဖမ်းခံသည်ထက် မိမိကိုယ်ကိုယ် သတ်သေမည်ဟုပြောခဲ့ကြောင်း၊ ထို့ကြောင့်ဖခင်ဖြစ်သူ မက်သရူးကားလ်ရော်ဘင်ဆင်က မိသားစုနှင့်ရင်းနှီးသည့် တရားဟောဆရာနှင့်တိုင်ပင်နားချကာ သားဖြစ်သူကို ဖမ်းဆီးခံရန် ဖျောင်းဖြရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သိမ်းဆည်းရမိသော သေနတ်တွင် “ ဟေး ဖက်ဆစ်၊ ဖမ်းစမ်း . . . O Bella ciao, Bella ciao” ဆိုသည့် စာသားရေးထားသည်ကိုတွေ့ရပြီး Bella ciao ဆိုသည်မှာ ဂျာမနီနာဇီများ အီတလီသို့ ဝင်စီးနင်းမှုတွင် တော်လှန်ခဲ့သည့် အီတလီစားသောက်ဆိုင်လေးတစ်ဆိုင်အကြောင်း သီကုံးထားသည့် goodbye beautiful ဟု အဓိပ္ပါယ်ရသော သီချင်းတစ်ပုဒ်မှ စာသားဖြစ်သည်။
ယူတာ့ချ် အစိုးရအဖွဲ့က ယခုဖြစ်စဉ်တွင် အခြားထပ်မံ ဖမ်းဆီးစရာ တစ်ဦးတစ်ယောက်မှ မရှိနိုင်တော့ဘဲ တိုင်လာရော်ဘင်ဆင်သည်သာ တရားခံအစစ်ဖြစ်ရန် ရာနှုန်းပြည့်နီးပါး သေချာသဖြင့် စစ်ကြောနေသည်ဟု ထုတ်ပြန်ကာ တစ်ကိုယ်တော် နိုင်ငံရေးအမုန်းတရားဖြင့် လုပ်ကြံမှုဖြစ်နိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။
ယူတာ့ချ်မြို့တော်ဝန် ကော့ခ်က တိုင်လာရော်ဘင်ဆင်မိဘများသည် ထရမ့်၏ ရီပါဘလစ်ကန် ပါတီကို မဲပေးခဲ့ကြသူများဖြစ်ကာ တိုင်လာသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးရန် အသက်မမီသေးဘဲ ၂၀၂၄ ရွေးကောက်ပွဲ၌ မဲမပေးခဲ့သူဖြစ်သည်ဟု ဆိုသည်။
မိသားစုဝင်တစ်ဦးပြောပြမှုအရ ယူတာ့ချ် သို့ ချာလီကာ့ခ်လာရောက်ခြင်းသည် အမုန်းတရားများနှင့်ပြည့်နှက်သော အမုန်းတရားများပျံ့နှံ့ရေးအတွက်လာသည်ဟု ခံစားရသည်ဟု တိုင်လာရော်ဘင်ဆင် ခံစားခဲ့ရကြောင်း သိရှိရသည်။
ချာလီကာ့ခ် အလောင်းကို Air Force 2 လေယာဉ်ဖြင့် ၎င်းထူထောင်ထားသော ဖောင်ဒေးရှင်းရှိရာသို့ သယ်ဆောင်ပေးပြီး ဈာပနအခမ်းအနားသို့ ဒေါ်နယ်ထရမ့်ကိုယ်တိုင်တက်ရောက်မည်ဟု သိရသည်။
Ref: bbc
#MeKongNews
#မက်သရူးကားလ်ရော်ဘင်ဆင်
#ယူတာခ်တက္ကသိုလ်
#တိုင်လာရော်ဘင်ဆင်
#ချာလီကာ့ခ်
#ဒေါ်နယ်ထရမ့်








