မဲခေါင်၊ စက်တင်ဘာ ၁၀
စက်တင်ဘာ ၉ ရက်ညက ရုရှားသည် ယူကရိန်းနိုင်ငံအား အနည်းဆုံး ဒရုန်းအစင်း ၄၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရုရှားဒရုန်း ၁၉ စင်းသည် နေတိုးအဖွဲ့ဝင်ဖြစ်သော ပိုလန်ပိုင်နက်ထဲ ဝင်ရောက် လာသဖြင့် လူနေအိမ်တစ်လုံး၊ ကားတစ်စီးမှာ ထိခိုက်ပျက်စီးရသည့်အတွက် နေတိုးအဖွဲ့၏ မြောက်အတ္တလန္တိတ်စာချုပ်သဘောတူညီချက် ပုဒ်မ ၄ အရ ရုရှားအား တုံ့ပြန်နိုင်ရေး ၄၈ နာရီအတွင်း အရေးပေါ်အစည်းအဝေး ခေါ်ယူလိုကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်ခ်စ်က နေတိုးအဖွဲ့ဝင်များ နှင့် အမေရိကန်ကိုပါ ဆင့်ခေါ်ခဲ့သည်။
ဒရုန်း ၁၉ စီး ပိုလန်လေပိုင်နက်ထဲသို့ဝင်ရောက်လာမှုတွင် အန္တရာယ်ရှိသော ဒရုန်း ၃ စီးကို ပစ်ချနိုင်ခဲ့ကာ ပိုလန်၊ အီတလီ၊ နယ်သာလန်နှင့် အမေရိကန်မှ ဖိုက်တာဂျက်လေယာဉ်များ ဒရုန်းပစ်ချခြင်းနှင့် ကာကွယ်မှုများကို လုပ်ဆောင်ခဲ့ရသည်။
ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားသည် မိမိပြောသကဲ့သို့ ယူကရိန်းစစ်နှင့်ကျေနပ်မည်မဟုတ်ဘဲ နေတိုးအနောက်အင်အားစုကိုပါ တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက်ရှိထားပြီးသဖြင့် ယခုလုပ်ရပ်မှာ နေတိုးအား သွေးတိုးစမ်းလိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အပါ နေတိုးနှင့် အမေရိကန်အင်အားစုအားလုံး စုပေါင်းပြီး ရုရှားကို တစ်ပေါင်းတည်း တိုက်ခိုက် အရေးယူနိုင်မှသာ ထာ၀ရ ငြိမ်းချမ်းမှုရနိုင်မည်ဟု တိုက်တွန်းပြောဆိုသွားခဲ့သည်။
နေတိုးအဖွဲ့ဝင်များကြား သဘောတူထားသည့် မြောက်အတ္တလန္တိတ်စာချုပ်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင် အပေါ် ကျူးကျော်တိုက်ခိုက်ပါက အားလုံးပူးပေါင်းကာကွယ်တိုက်ခိုက်ရမည်ဟု သဘောတူထားခြင်းမှာ ပုဒ်မ ၅ ဖြစ်ပြီး ပုဒ်မ ၄ မှာ နိုင်ငံတစ်နိုင်ငံအပေါ် အန္တရာယ်ပြုသည့် ခြိမ်းခြောက် မှုရှိလာပါက နေတိုးအဖွဲ့ဝင်အားလုံး မည်သို့ တုံ့ပြန်မည်ကို ဆုံးဖြတ်သည့် အစည်းအဝေးဆင့်ခေါ်ခြင်း ဖြစ်ရာ ပိုလန်ဝန်ကြီးချုပ်က ၄၈ နာရီအတွင်း ပုဒ်မ ၄ အရ အစည်းအဝေးဆင့်ခေါ်သွားလိုသည်ဟု ထုတ်ပြန်တင်ပြသွားခြင်းဖြစ်သည်။
နေတိုးအဖွဲ့ကို ၁၉၄၉ ခုနှစ်က စတင်ဖွဲ့စည်းပြီးနောက် ယခုပိုလန်၏ ပုဒ်မ ၄ အရ ဆင့်ခေါ်မှုသည် ထိုပုဒ်မအား ၈ ကြိမ်မြောက်အသုံးပြုခြင်းဖြစ်ကာ ယူကရိန်းကို ရုရှားကျူးကျော်ခြင်းအတွက် အဆိုပါ ပုဒ်မနှင့် ၃ ကြိမ် အစည်းအဝေးခေါ်ခဲ့ရပြီးဖြစ်သည်။
စုပေါင်းတန်ပြန်ကာကွယ်ရေးကို ဖြစ်တည်စေမည့် အမြင့်ဆုံး သဘောတူညီချက် ပုဒ်မ ၅ ကိုမူ နေတိုးသမိုင်းတွင် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က အမေရိကန်၌ 9-11 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တစ်ကြိမ်တည်းတွင်သာ ကျင့်သုံးခဲ့ဖူးသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ပိုလန်
#နေတိုး
#ယူကရိန်း
#ရုရှား








