မဲခေါင်၊ စက်တင်ဘာ ၄
တရုတ်နိုင်ငံသို့ ဒုတိယကမ္ဘာ့စစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့်အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိနေခဲ့သော ရုရှားသမ္မတပူတင်က တရုတ်ခရီးစဉ်အဆုံးသတ် မိန့်ခွန်းပြောရာ၌ ယူကရိန်းသမ္မတ ဇီလန်းစကီး အနေဖြင့် မော်စကိုသို့ လာရောက်နိုင်မည်ဆိုလျှင် ငြိမ်းချမ်းရေးဆွေးနွေးမှုကို မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ဒေါ်နယ်ထရမ့်နှင့် အလက်စကားတွင် တွေ့ဆုံစဉ်ကလည်း ပူတင်က ယူကရိန်းစစ် ငြိမ်းချမ်းရေးထပ်မံဆွေးနွေးမှုများကို ရုရှားနိုင်ငံအတွင်း ပြုလုပ်လိုသည်ဟုဆိုခဲ့သေးကာ ထရမ့်တည်ပြသည့် ငြိမ်းချမ်းရေးအဆိုကို လက်ခံလက်မှတ်ထိုးခြင်းမပြုခဲ့ပေ။
ယခုပေကျင်းသို့ရောက်ရှိနေချိန် ပူတင်က ဇီလန်းစကီးနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအား မည်သည့်အခါကမျှ မိမိဘက်က ငြင်းဆန်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ သို့သော် ဇီလန်းစကီးအနေဖြင့် မျက်နှာချင်းဆိုင် ဆွေးနွေးလိုလျှင် မော်စကိုသို့ လာနိုင်ရမည်ဖြစ်ကြောင်း၊ ဆွေးနွေးမှုဖြင့် မဖြေရှင်း နိုင်လျှင်လည်း စစ်ရေးဖြင့် မိမိဘက်မှ ဖြေရှင်းနိုင်စွမ်းရှိကြောင်း၊ အခြေအနေတစ်ခုရောက်လျှင် စကားပြောဆိုဆွေးနွေးရမည်ဖြစ်သောကြောင့် စောင့်ကြည့်ရမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ပူတင်နှင့် ဇီလန်းစကီးတို့သည် ယခင် တစ်ကြိမ်သာတွေ့ဆုံကြဖူးပြီး ၂၀၁၉ ခုနှစ်က ပဲရစ်မြို့ အစည်းအဝေးတစ်ခု၌ တွေ့ဆုံခဲ့ရာ ဇီလန်းစကီးဘက်မှ လက်ဆွဲနှုတ်ဆက်ခြင်းမပြုခဲ့ပေ။ နောက် ၃ နှစ်အကြာတွင် ပူတင်သည် သွေးချောင်းစီးသည့် ယူကရိန်းကျူးကျော်စစ်ကို ဆင်နွှဲခဲ့သည်။
ကိုကလင်း
Ref:Thesun
#ရုရှား
#ယူကရိန်း
#ငြိမ်းချမ်းရေး
#မော်စကိုမြို့








