မဲခေါင်၊ စက်တင်ဘာ ၂
အမေရိကန်အစိုးရက နိုင်ငံအတွင်း ကိုကင်းအများဆုံးတင်ပို့နေသည်မှာ ဗင်နီဇွဲလားသမ္မတကိုယ်တိုင် ပါဝင်သည့် မူးယစ်ဂိုဏ်များမှဖြစ်သည်ဟုစွပ်စွဲကာ စစ်သင်္ဘော ၃ စီးအား ဗင်နီဇွဲလား ရေပိုင်နက်ထဲသို့ စေလွှတ်လိုက်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဂျူရိုက အမေရိကန်တိုက်ခိုက်လာလျှင် တိုင်းပြည်ကို တော်လှန်ရေးအစိုးရအဖြစ် ကြေညာပြီး အားလုံးလက်နက်ကိုင်တော်လှန်သွားမည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။
တိုက်သင်္ဘောကြီး ၂ စီးနှင့် ရေငုပ်သင်္ဘော တစ်စီးကို ပြီးခဲ့သည့်တစ်ပတ်ကတည်းက အမေရိကန်က ဗင်နီဇွဲလားရေပိုင်နက် ကာရစ်ဘီယံ ပင်လယ်ထဲသို့ စေလွှတ်ခဲ့သော်လည်း ယခုအထိ စစ်သည်များစွာ စေလွှတ်ပြီး ဗင်နီဇွဲလားနိုင်ငံအတွင်း ကျူးကျော်တိုက်ခိုက်ဟန် အရိပ်အယောင် မပြသေးပေ။
အမေရိကန်အစိုးရသည် မကြာသေးမီကပင် မူးယစ်ရာဇာလည်းဖြစ် အာဏာရှင်အဖြစ် တိုင်းပြည်အာဏာကိုလည်း ချုပ်ကိုင်ထားသူ မာဂျူရိုကို ဖမ်းဆီးနိုင်ပါက ဆုငွေ ဒေါ်လာသန်း ၅၀ ပေးမည်ဟုပင် ထုတ်ပြန်ခဲ့သည်။
ယခု ဗင်နီဇွဲလားရေပိုင်နက်ထဲရောက်နေသော ပဲ့ထိန်းဒုံးစနစ်ပါ သင်္ဘော ၃ စီးတွင် စစ်သည် ၄၀၀၀ သာပါဝင်သော်လည်း ဗင်နီဇွဲလားသမ္မတ မာဂျူရိုသည် ရေပိုင်နက် နှင့်ဆက်စပ်နေသည့် ကိုလံဘီယာနယ်စပ်သို့ စစ်သည် သောင်းနှင့်ချီ စေလွှတ်ထားသလို နိုင်ငံကိုကာကွယ်ရန် လူငယ်များ စစ်ထဲဝင်ကြဟုလည်း စည်းရုံးနေသည်။
ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ဝိုင်ဗန်ဂီလ်က အမေရိကန်သို့ မှောင်ခိုဝင်ရောက်သည့် ကိုကင်း ၈၇ ရာခိုင်နှုန်းသည် ဗင်နီဇွဲလားမှဖြစ်သည်ဆိုသော အမေရိကန်၏ စွပ်စွဲချက်မှာ မှားယွင်းသောစွပ်စွဲမှုဟု တုံ့ပြန်ခဲ့ပြီး စစ်ရေးအရ ဝင်ရောက်လာပါက သွေးဆာသော အကြမ်းဖက်ကျူးကျော်မှုသာဖြစ်မည်ဟု ထုတ်ပြန်ဝေဖန်ခဲ့သည်။
ကိုကလင်း
Ref: abcnews
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#ကာရစ်ဘီယံပင်လယ်
#မူးယစ်ဆေးဝါး








