မဲခေါင်၊ ဩဂုတ် ၂၇ ရက်
ဩဂုတ် ၂၇ ရက်တွင် ထိုင်းနိုင်ငံ ချင်းရိုင်နှင့် မယ်ဆိုင်ခရိုင်မှ နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့ ထုတ်ပြန် ချက်အရ စိတ်ကြွဆေးနှင့် ဟီးရိုးအင်းများစွာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ချင်းရိုင်ခရိုင် မယ့်ချမ်းခရိုင်ခွဲ ဘန်ကရူးဆိုင်ထိုင်နှင့် ဘန်အဒီသွားလမ်းပေါ်ရှိ တောင်ပေါ်လမ်းတွင် ဆိုင်ကယ် ၃ စီး မသင်္ကာဖွယ်ရာ မောင်းနှင်နေသည်ကို ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့အကြီးအကဲများအပါ လိုက်လံဖမ်းဆီး ရာ ဆိုင်ကယ်တစ်စီးသည် မောင်းပြေးပြီး လွတ်မြောက်သွားကာ ၂ စီးမှာလည်း မောင်းနှင်သူများ ဆိုင်ကယ်ကို စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့သည်။
အနီးအနားတစ်ဝိုက်ရှာဖွေစစ်ဆေးရာ အိတ် ၆ အိတ် နှင့်ထည့်ထားသည့် မူးယစ်ဆေးများတွေ့ရှိရပြီး ၄ အိတ်တွင် စိတ်ကြွဆေး ၆၀၀၀၀၀၊ ၂ အိတ်တွင် ဟီးရိုးအင်း ၇ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့သည်။
ဩဂုတ် ၂၇ ရက်တွင် မယ်ဆိုင်ရဲစခန်းမှ ထုတ်ပြန်ချက်တွင်လည်း ဩဂုတ် ၂၂ ရက်နေ့က မနက်ပိုင်းတွင် ပစ်ကပ်ထရပ်ကားဖြင့် မောင်းဝင်လာသော မြန်မာနိုင်ငံသား ဒရိုင်ဘာနှင့်ကားကို ဖမ်းဆီးစစ်ဆေးရာ ၉၉၉ ကြယ်ငါးပွင့်အဆင့် (ချီဂွေဗားရာပုံပါ) စိတ်ကြွဆေး ၁၆၀၀၀၀၀ လုံး ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ချင်းရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူများက ၂၀၂၅ ဩဂုတ်လ ၁၁ ရက်က စိတ်ကြွဆေးပြား ၃၂၀၀၀၀၀ လုံး သိမ်းဆည်းရမိခဲ့သည့် အမှုမှ ဆက်စပ်ကွန်ရက်များကို စစ်ဆေးမှုနောက်ဆက်တွဲ သတင်းအရ ချင်းရိုင်၊ ဝီယန်းပါပအိုအရပ်မှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို မူးယစ်မှောင်ခိုမှုနှင့် ဩဂုတ် ၂၅ ရက်ကဆက်လက် ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေး ၃၅၀၀၀၀၀ လုံး ထိပ်မံသိမ်းဆည်းရမိသလို အိုက်စ် ၆၀ ကီလိုဂရမ်ကို လည်း စိုက်ပျိုးရေးထွက်ကုန်များတင်သည့် ကုန်ကားအတွင်း ခိုးသယ်လာသည်ကို ဖမ်းမိခဲ့ကြောင်း၊ ထိုအမှုနှင့်ပတ်သက်သူများပိုင်ဆိုင်သော ငွေ၊ ရွှေ၊ မြေ၊ အဆောက်အအုံများကိုလည်း သိမ်းဆည်းခဲ့ရာ ကာလတန်ကြေး ဘတ် ၂၇ သန်း ဖိုးရှိခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref:Maesaipress
#MeKongNews
#ထိုင်းနိုင်ငံ
#စိတ်ကြွဆေးပြား
#ဘိန်းဖြူ
#မယ်ဆိုင်
#ချင်းရိုင်








