မဲခေါင်၊ ဩဂုတ် ၂၆
ဩဂုတ် ၂၅ ရက်က ဂါဇာရှိ ခွန်းယူနစ်အရပ်မှ ဆေးရုံတစ်ခုအား အစ္စရေးဘက်မှ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ဂျာနယ်လစ် ၅ ဦးအပါ အယောက် ၂၀ သေဆုံးရမှုအတွက် အခန့်မသင့်သောကြေကွဲဖွယ်ဖြစ်ရပ်ဟု အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ထုတ်ပြန်ပြောဆိုခဲ့သည်။
ပထမတစ်ကြိမ် တိုက်ခိုက်မှုသည် နက်ဆာဆေးရုံ အပေါ်ဆုံးထပ်အား ထိမှန်ပြီး ၂ ဦးသေဆုံးခဲ့ကာ ဒုတိယတိုက်ခိုက်မှုသည် လူနာတင်ယာဉ်နှင့်အတူ ရောက်ရှိလာသောဂျာနယ်လစ်များ သေဆုံးမှုကို ဖြစ်ပွားစေခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုသည်။
သေဆုံးခဲ့သည့် ဂျာနယ်လစ် ၅ ဦးမှာ ရိုက်တာ၊ အေပီ၊ အရှေ့အလယ်ပိုင်းမျက်လုံး၊ အယ်လ်ဂျာဇီးယား မီဒီယာတို့မှဖြစ်ကာ သက်ဆိုင်ရာ မီဒီယာများက အစ္စရေး၏ ပစ်ခတ်မှုအား ပြင်းထန်စွာ ရှုတ်ချပြစ်တင်ခဲ့ကြသည်။
နက်တန်ယာဟုရုံးမှ နက်ဆာဟိုတယ် တိုက်ခိုက်မှုနှင့်ဂျာနယ်လစ်များသေဆုံးရမှုသည် အခန့်မသင့်သော ကြေကွဲဖွယ်ဖြစ်ရပ်ဟုဆိုသလို ဂျာနယ်လစ်နှင့်ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ တန်ဖိုးကို သိရှိနားလည်သည့်အတွက် တိုက်ခိုက်မှု၌ တာဝန်ရှိသူကို စုံစမ်းစစ်ဆေးသွားရမည်ဟု ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အက်ဖီဒက်ဖရင်ကလည်း နက်ဆာဟိုတယ်ကို ဗဟိုပြုပြီး ဟားမက်စ်အကြမ်းဖက်များ စစ်ဆင်ရေးလုပ်ဆောင်နေသည်ကို သိရှိရသဖြင့် ပစ်မှတ်ထား တိုက်ခိုက်ရခြင်းဖြစ်ကာ အရပ်သားများကို ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းမဟုတ်ကြောင်း လူမှုကွန်ရက် X တွင်ရေးသားဖြေရှင်းထားသည်။
ယခုလဆန်းပိုင်းကလည်း ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံအနီး တဲထိုးနေထိုင်သည့် အယ်လ်ဂျာဇီးယား ဂျာနယ်လစ် ၅ ဦး အစ္စရေး၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသေးပြီး ထိုထဲမှ တစ်ဦးသည် ဟားမက်စ်အကြီးအကဲ တစ်ယောက်ဖြစ်သည်ဟု အစ္စရေးက စွပ်ဆွဲခဲ့သည်။
ယခု ဖြစ်ရပ်ကို ပြင်သစ်သမ္မတ မက်ခရွန်၊ ကုလ အကြီးအကဲ ဂူတာရက်စ်၊ ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီတို့က ရှုတ်ချကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်ကလည်း “ဘယ်အချိန်က ဒီလိုဖြစ်သွားတာလဲ။ ဒီလိုကိစ္စမျိုး မမြင်ချင်ဘူး။ ဒီကိစ္စအတွက် မပျော်နိုင်ပါဘူး။ အိပ်မက်ဆိုးတစ်ခုလုံးကို ကျွန်တော်တို့အဆုံးသတ်ရပါမယ်။ ဓားစာခံတွေ ပြန်ခေါ်ထုတ်နိုင်ဖို့ အလိုရှိတဲ့ အထဲမှာလည်း ကျွန်တော်ဟာ တစ်ယောက်အပါအဝင်ဖြစ်တယ် “ ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ကိုကလင်း
Ref: jta
#MeKongNews
#အစ္စရေး
#ဂါဇာ
#သတင်းထောက်
#နက်တန်ယာဟု








