မဲခေါင်၊ ဩဂုတ် ၂၁
ကမ္ဘောဒီးယားနှင့် ၅ ရက်တာ စစ်ဖြစ်ခဲ့ရသော အငြင်းပွားနယ်မြေပိုင်နက်တစ်နေရာဖြစ်သည့် ဖယာဝိဟာဘုရားကျောင်းအနီး ကျောက်ဆောင်အောက်တွင် ကမ္ဘောဒီးယားစစ်သား မိုင်းခင်းရင်း မေ့ကျန်ခဲ့ပုံရသော ဖုန်းတစ်လုံး သိမ်းဆည်းရမိကာ ထိုဖုန်းထဲတွင် ကမ္ဘောဒီးယားစစ်သားများ လူအား ရည်ရွယ်တိုက်ခိုက်သည့် PMN-2 မိုင်းများခင်းနေသည့် သက်သေဓာတ်ပုံများရရှိသည်ဟု ထိုင်းတော်ဝင်တပ်မတော်က ဩဂုတ် ၁၉ ရက်တွင် ကြေညာခဲ့သည်။
ယခုရက်ထဲ အာဆီယံနိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များကို ထိုင်းက ဖိတ်ခေါ်ကာ နယ်စပ် စစ်ဖြစ်ရာဒေသများသို့ လေ့လာဆုံးဖြတ်ပေးရန်အလို့ငှာ ခေါ်ယူပြသနေခြင်းဖြစ်သည်။
နှစ်နိုင်ငံ နယ်ခြားကော်မတီအချင်းချင်း ပဋိပက္ခ ချုပ်ငြိမ်းနိုင်ရေး ဆွေးနွေးနေရာတွင်လည်း ကမ္ဘောဒီးယားဘက် မှ အငြင်းပွားနယ်စပ်ပိုင်နက်နေရာများတွင် မြေမြှုပ်မိုင်းများ တိုးမြှင့်ထောင်ထားကြောင်း၊ မိုင်းထောင် သူများဘက်မှသာ မြေပုံဖြင့် ထိုမိုင်းများရှိရာကို သိရှိပြီး ပြန်ဖြုတ်သိမ်းပေးရန်တောင်းဆိုမှုကိုလည်း ကမ္ဘောဒီးယားဘက်မှ လက်မခံဟု ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယခု ထိုင်းမီဒီယာ Khaosod က ဖော်ပြလာသည့် ဖုန်းမှတ်တမ်းသက်သေများ ရှိသည်ဆိုသော သတင်းအောက်၌ ကမ္ဘောဒီးယားသားများစွာက အိုဟောင်းစုတ်ပြတ်နေသော ဖုန်းမှ အလွန်ကြည်လင်ကောင်းမွန်သည့် ဓာတ်ပုံများရိုက်နိုင်သည်မှာ အံ့ဖွယ်ဖြစ်ကြောင်း၊ မိုင်းခင်းသူသည် အားသွင်းကြိုးပါ မေ့ကျန်ခဲ့သည့်ဖြစ်အင်က ရယ်ဖွယ်ရာကောင်းကြောင်း၊ မည်သူမဆို ကမ္ဘောဒီးယားစစ်သည် အဝတ်အစားများ ဝတ်ကာ မည်သည့်နေရာတွင်မဆို PMN-2 မိုင်းခင်းသည့် မှတ်တမ်းဗီဒီယိုဓာတ်ပုံများ ရိုက်ကူးနိုင်ကြောင်း၊ ထိုင်းဒရာမာဇာတ်ညွှန်းရေးဆရာ ပိရိမှုမရှိသော အကွက်ဆင်မှုဟု Comment များတွင် ဟားတိုက်ဝေဖန် တုံ့ပြန်နေကြသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ကမ္ဘောဒီးယား
#ထိုင်းစစ်တပ်
#မြေမြုပ်မိုင်း
#နယ်စပ်စစ်ပွဲ








