မဲခေါင်၊ ဩဂုတ် ၁၅
ဩဂုတ် ၁၅ ရက်တွင် အလက်စကား၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံရန် လာရောက်မည့် ရုရှားသမ္မတပူတင်သည် အထူးအနီးကပ်သက်တော်စောင့်များဖြင့် ရောက်လာမည်ဖြစ်ကာ ထိုသက်တော်စောင့်များထဲ နျူကလီးယားလက်နက်ထိန်းချုပ်ခလုတ်ပါ လက်ကိုင်အိတ်အပြင် ဆီးနှင့်ဝမ်းပါထည့်သယ်ဆောင်မည့် လက်ကိုင်အိတ်ပါ ပါဝင်လာလိမ့်မည်ဟု သိရသည်။
ပူတင်နှင့် ဒေါ်နယ်ထရမ့်တို့သည် ယူကရိန်းငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် ဩဂုတ် ၁၅ ရက် ယူကေ စံတော်ချိန် ည ၈ နာရီခွဲတွင် အလက်စကားရှိ Elmendorf-Richardson လေတပ်အခြေစိုက်စခန်း၌ တွေ့ဆုံကြမည်ဖြစ်သည်။
နိုင်ငံတကာ ဖမ်း၀ရမ်းထုတ်ခံထားရသော ပူတင်ကို အထူးလေ့ကျင့်ပေးထားသည့် သက်တော်စောင့်များ ခြံရံပြီး ရောက်ရှိလာမည်ဖြစ်ကာ ထိုထဲတွင် တစ်ဦးက နျူကလီးယား ထိန်းချုပ်စနစ်ပါ လက်ကိုင်အိတ်ကိုကိုင်စွဲလာမည်ဖြစ်ကာ နောက်တစ်ဦးသည် ပူတင်သွားမည့် ဆီးနှင့် ဝမ်းများကို ထည့်သယ်ဆောင်သော လက်ကိုင်အိတ်ကို ကိုင်စွဲလာမည်ဟု ခန့်မှန်းသုံးသပ်နေကြခြင်း ဖြစ်သည်။
ရုရှားနိုင်ငံအား ၂၅ နှစ်လုံးလုံးအုပ်ချုပ်နေခဲ့သော ပူတင်သွားလေရာသို့ အိတ်များကိုင်ဆောင်ထားသော သက်တော်စောင့်များ လိုက်ပါလေ့ရှိရာ ယင်းသက်တော်စောင့်များကိုင်စွဲလာမည့် လက်ကိုင်အိတ်များအားလုံးသည် လုပ်ကြံမှုကြုံလျှင် ဒိုင်းသဖွယ် ကာရန်ပေးသည့် ကျည်ကာ လက်ကိုင်အိတ်များ ဖြစ်ကြောင်း၊ ထိုထဲတွင် သွားလေရာ ပူတင်စွန့်ပစ်သည့် ဆီးနှင့်ဝမ်းများကို ထည့်သွင်းသယ်ဆောင်ကာ မော်စကိုသို့ ပြန်ပို့သည့် လက်ကိုင်အိတ်လည်း ပါဝင်လေ့ရှိသည်။
၂၀၁၇ ခုနှစ်က ပဲရစ်သို့ ပူတင်ရောက်ရှိလာစဉ် Paris Match မဂ္ဂဇင်းက ဖော်ပြမှု၌ ပူတင်သည် ၎င်း၏ ကျန်းမာရေးအခြေအနေကို လူသိလုံး၀မခံသောကြောင့် ၎င်းစွန့်ပစ်သည့် ဆီးနှင့်ဝမ်းများအား တပါးသူ ရရှိပြီး ဓာတ်ခွဲလေ့လာခံရမည်ကို အထူးစိုးရိမ်ကြောင်း၊ ထို့ကြောင့် သွားလေရာ ဆီးနှင့်ဝမ်းများအား သက်တော်စောင့်တစ်ဦးက လက်ကိုင်အိတ်ထဲ ထည့်သယ်ပြီး မော်စကိုသို့ ပြန်ပို့သည်ဟု ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်က ယူကရိန်းငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ပဲရစ်ရှိ Elysee နန်းတော်သို့လာစဉ်တွင်လည်း အိမ်သာတွင်းသို့ အမျိုးသားသက်တော်စောင့် ၆ ယောက်လုံးလိုက်ပါသွားပြီး ဆီးနှင့်ဝမ်းများကို အိတ်ထဲ ထည့်သယ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထိုလက်ကိုင်အိတ်ကို Poo suitcase ဟု ခေါ်ဆိုကြောင်း သိရှိရသည်။
ပူတင်၏ နျူကလီးယားထိန်းချုပ်လက်ကိုင်အိတ်ကိုမူ Cheget ဟု ခေါ်ဆိုကာ ၁၉၈၀ ပြည့်လွန် ဆိုဗီယက် KGB ခေတ်ကတည်းက အဆင့်မြှင့်တင်လာသည့် နျူကလီးယားလက်နက်အား ထိုအိတ်ထဲရှိ ခလုတ်မှ ထိန်းချုပ်ပစ်ခတ်နိုင်ကြောင်း သိရသည်။
ယင်းနျူလက်နက်သည် ပေါက်ကွဲအား ၁ ကီလိုတန် တစ်နည်းအားဖြင့် TNT ယမ်း တန် ၁၀၀၀ ပြင်းအားမျိုးရှိကြောင်း သိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#အမေရိကန်
#နျူကလီးယား
#ဆွေးနွေးပွဲ








