မဲခေါင်၊ ဩဂုတ် ၉
အစ္စရေးလုံခြုံရေးအစိုးရအဖွဲ့က ဟားမက်စ်များကို အမြစ်ဖြတ်သုတ်သင်ရန်နှင့် ဓားစာခံများကို ကယ်တင်ရန် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးအား အလုံးစုံစစ်ရေးအင်အားသုံးပြီး နောက်ဆုံးတိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်သောကြောင့် ပြည်သူများ အောက်တိုဘာ ၇ ရက်နောက်ဆုံးထားပြီး ရှောင်ရှားရန် အသိပေးထုတ်ပြန်သွားခဲ့သည်။
ယင်းအောက်တိုဘာ ၇ ရက်သတ်မှတ်မှုသည် လွန်ခဲ့သည့် ၂ နှစ်တိတိက ဟားမက်စ်များ အစ္စရေး နိုင်ငံအတွင်းနယ်စပ်မှ ကျော်ဝင်ပြီး အပြစ်မဲ့ပြည်သူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့်နေ့စွဲနှင့် တိုက်ဆိုင်နေသည်။
ထိုနောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံး စစ်ဘေးစစ်ဒဏ်နှင့် အငတ်ဘေး ဆိုက်လုနီးအထိ ပျက်သုဉ်းခဲ့သော်လည်း အဆိုပါ ဒေသတွင် မည်သည့် ဟားမက်စ်လက်ကျန် တစ်ဦးမျှ မရှိရေး သုတ်သင်သွားမည်ဟု အစ္စရေးဘက်မှ သန္နိဌာန်ချခဲ့ခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်က နောက်ဆုံး ထိုးစစ်မဆင်မီ ဂါဇာရှိပြည်သူအားလုံးကို ကမ်းမြောင်ဒေသ တောင်ဘက်စွန်း သတ်မှတ်နယ်မြေအတွင်း ရှောင်ရှားရောက်ရှိနိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ယခုအခြေအနေအရ ဂါဇာရှိ ပါလက်စတိုင်းပြည်သူ ၁ သန်းကျော် ထပ်မံ ရှောင်ရှား ရမည်ဖြစ်သလို ဂါဇာနေရာတိုင်း အစ္စရေးမှ ထိန်းချုပ်နိုင်သည်အထိ ကြိုးစားသွားမည်ဆိုသောကြောင့် နောက်ထပ် သွေးချောင်းစီး စစ်ပွဲထပ်ဖြစ်ပွားလာတော့မည်ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းက ဂါဇာရှိ ပြည်သူများ အတိဒုက္ခရောက်နေရမှုအတွက် အစ္စရေးအပေါ် အပြစ်တင်နေသော်လည်း အစ္စရေးစစ်တပ်က လမ်းပြမြေပုံရေးဆွဲပြီး အဆင့်(၅) ဆင့်ပါ နောက်ဆုံး တိုက်ပွဲ စီမံကိန်းကိုလည်း ရေးဆွဲပြီး အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ဩဂုတ် ၈ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#ဟားမက်စ်
#ဂါဇာ
#ဓားစားခံ








