မဲခေါင်၊ ဩဂုတ် ၇
ဩဂုတ် ၅ ရက်နေ့က လက်ရှိထိုင်းယာယီဝန်ကြီးချုပ် ဖမ်သမ် ဝီချာယာချိုင်ပါဝင်သော ထိုင်းအစိုးရ အဖွဲ့ အစည်းအဝေးတွင် ထိုင်းတော်ဝင်လေတပ်မှ တင်ပြတောင်းဆိုထားသော ဆွီဒင်ထုတ် Gripen E/F ဖိုက်တာဂျက်လေယာဉ် ၄ စီးအား ပထမအဆင့်အနေဖြင့် ဝယ်ယူပေးရန် ဘတ်ဂျက် ဘတ် ၁၉ ဒသမ ၅ ဘီလီယံသုံးစွဲသွားရေး အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။
ယင်းအစည်းအဝေးတွင် အရေးပါသော စစ်ရေးအသုံးအဆောင်များဝယ်ယူရေးအတွက် ပြန်လည် သုံးသပ်မှုနှင့် အတည်ပြုမှုများလုပ်ဆောင်ခဲ့ကာ ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ပြည်နှစ်အတွင်း Gripen E/F ဖိုက်တာဂျက်လေယာဉ် ၄ စီးအား ဝယ်ယူရန် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
လက်ရှိ ထိုင်းတော် ဝင်လေတပ်တွင် အသုံးပြုများသည့် F 16 ဖိုက်တာဂျက်လေယာဉ်များသည် တပ်တော်ဝင်အသုံးပြုနေ သည်မှာ ၃၇ နှစ်သက်တမ်းရှိနေပြီဖြစ်သောကြောင့် ၎င်းတို့နေရာ၌ ဆွီဒင် SABB Company ထုတ် Gripen E/F ဖိုက်တာဂျက်လေယာဉ်များ အစားထိုးသုံးရန် စီမံကိန်းတစ်ရပ်လည်း ချမှတ်ထားပြီး ပထမ အဆင့်ဝယ်ယူရာတွင် ပိုင်းလော့ထိုင်ခုံ တစ်လုံးပါ Gripen E ဂျက်လေယာဉ် ၃ စီးနှင့် ထိုင်ခုံ ၂ လုံးပါ Gripen F ဂျက်လေယာဉ် တစ်စီး ဝယ်ယူသွားရန် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
ယင်းလေယာဉ်များသည် ဝေဟင်မှ ဝေဟင်ပစ် ဒုံးစနစ်ပါ ပါဝင်ကာ မြေပြင်ထောက်ပို့စနစ်ကောင်းများ လည်း ထည့်သွင်းတည်ဆောက်ထားသလို အပိုပစ္စည်းလည်း အလွယ်တကူရရှိနိုင်သည်ဟု ဆိုသည်။
ထိုင်းတော်ဝင်လေတပ်သည် နောက် ၁၀ နှစ်အတွင်း ၃ ရစ်ဖြင့် Gripen E/F ဖိုက်တာဂျက်လေယာဉ် ၁၂ စီးကို ဘတ် ၆၀ ဘီလီယံ အသုံးပြုဝယ်ယူမည်ဖြစ်ကာ လက်ရှိ အသုံးပြုနေသော F 16 ဖိုက်တာများကို နောက် ၁၀ နှစ်သာ ဆက်သုံး မည်ဟုလည်း ဆိုသည်။
ထိုအစည်းအဝေးတွင် ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ထိုင်းတော်ဝင်ရေတပ်အတွက် ဘတ် ၃၅ ဘီလီယံ သုံးစွဲ ရန် ခွင့်ပြုပေးခဲ့ကာ တိုက်သင်္ဘောသစ် ၂ စီး ဝယ်ယူမည်ဖြစ်ကြောင်း၊ တစ်စီးမှာ တန်ကြေးဘတ် ၁၇ . ၅ ဘီလီယံ ရှိပြီး ၂၀၃၇ တွင် ထိုင်းတော်ဝင်ရေတပ်၌လက်ရှိ တိုက်သင်္ဘော ၄စီးရှိရာမှ စုစုပေါင်း ၈ စီးရှိစေရန် စီမံကိန်း ချမှတ်ဖော်ဆောင်မည်ဖြစ်သလို တရုတ်ထုတ် CHD 620 ရေငုပ်သင်္ဘောကိုလည်း ဝယ်ယူကာ ၂၀၃၀ တွင် စတင်ရေချနိုင်ရေး စာချုပ်သွားမည်ဟု အတည်ပြုခဲ့သည်။
ကိုကလင်း
Ref: The Nation Thailand
#MeKongNews
#ထိုင်းနိုင်ငံ
#တိုက်လေယာဉ်
#ဘဏ္ဍာငွေ
#ဆွီဒင်








