မဲခေါင်၊ ဩဂုတ် ၄
ဇူလိုင် ၂၄ ရက်မှစတင်ပြီး ထိုင်းနှင့်ကမ္ဘောဒီးယားတို့ အငြင်းပွားနယ်စပ်ပိုင်နက်နယ်မြေများအတွင်း ၅ ရက်တာ အပြင်းအထန်တိုက်ပွဲများဖြစ်ခဲ့ရာ အပစ်အခတ်ရပ်စဲပြီးသွားသော်လည်း ကျဆုံး ကမ္ဘောဒီးယားစစ်သည်အလောင်းများအား ပစ်ထားသည်မှာ မဖြစ်သင့်ကြောင်းနှင့် ကမ္ဘောဒီးယား အနေဖြင့် ထိုအလောင်းများအား စစ်သားဂုဏ်နှင့်အညီ လေးစားစွာဖြင့် ပြန်ကောက်ယူသယ်ဆောင် သင့်ကြောင်း ထိုင်း ဒုတိယကာကွယ်ရေးဝန်ကြီး နာတာပေါင်က တိုက်တွန်းပြောဆိုသွားခဲ့သည်။
ဩဂုတ် ၃ ရက်နေ့က မလေးရှားတွင် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်စဉ် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးအား မိမိအနေဖြင့် နယ်စပ်တိုက်ပွဲများအတွင်း ကျဆုံးခဲ့သော ကမ္ဘောဒီးယား စစ်သားများအလောင်းကို စွန့်ပစ်မထားဘဲ ဂုဏ်သိက္ခာတရားနှင့်အညီ ပြန်လည်ကောက်ယူသင့်ကြောင်း တိုက်တွန်းခဲ့သည်ဟု နာတာပေါင်က ဩဂုတ်၄ ရက်၌ အစိုးရဝန်ကြီးရုံးတွင် ထုတ်ပြန်ပြောဆိုသွားခဲ့ ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်နှင့်သားဖြစ်သူ ဟွမ်မာနက်တို့သည် အာဏာရှင်ပီပီ မိမိတို့ဘက်မှ ကျဆုံးစစ်သည်အရေအတွက်ကို မကြေညာသလို နယ်စပ်ရှေ့တန်းစစ်မျက်နှာပြင်တွင် အလောင်းများ စွာရှိနေကာ သေဆုံးစစ်သားများ၏ မိသားစုဝင်များက ပျောက်ဆုံးနေသော သွေးရင်းများကို ရှာဖွေကာ ပူပန်နေရကြောင်း၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် နေ့စဉ် ကင်းလှည့်နေမှုများ၌ ကမ္ဘောဒီးယားဘက်မှ စွန့်ပစ်ထားသော အလောင်းများကို တွေ့နေရသည်က စိတ်မကောင်းစရာဖြစ်ကြောင်း နာတာပေါင်က ပြောသည်။
ထိုင်းဘက်မှတွေ့ရှိ သည့် ကမ္ဘောဒီးယားစစ်သည်အလောင်းများကို ဂျီနီဗာကွန်ဗန်းရှင်းနှင့်အညီ ကောက်ယူပြီး ပြန်ပို့ပေးမှု များလုပ်နေသော်လည်း ကမ္ဘောဒီးယားအစိုးရနှင့်စစ်တပ်ဘက်မှ စစ်သည်တစ်ဦးအတွက် ထားရှိရမည့် ဂုဏ်သရေနှင့် လေးစားတန်ဖိုးထားရှိရမည့် စံနှုန်းကို မလိုက်နာသဖြင့် ယခုလို တိုက်တွန်းခဲ့ရခြင်းဖြစ် သည်ဟု နာတာပေါင်က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#စစ်သည်ဂုဏ်သိက္ခာ








