မဲခေါင်၊ ဩဂုတ် ၂
ဇူလိုင် ၂၄ ရက်မှစတင်ပြီး ၅ ရက်ကြာ နယ်စပ်တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော ကမ္ဘောဒီးယားအလုပ်သမား ၂၀၀၀၀ ကျော် စိုးရိမ်ပြီး ပြည်တော်ပြန်သွားမှုကြောင့် ၎င်းတို့နေရာတွင် လုပ်သားလိုအပ်ချက်အား သီရိလင်္ကာမှ အလုပ်သမားများကို ကနဦး MOU စနစ်ဖြင့် လက်မှတ်ရေးထိုး ခေါ်ယူအစားထိုးရန် ရှိသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ဘန်ကောက်ပို့စ်သို့ ပြောသည်။
ထိုင်းတွင် စစ်ပွဲကြောင့် ကမ္ဘောဒီးယားအလုပ်သမားများအပေါ် ထိုင်းမျိုးချစ်များက နှိပ်စက် အနိုင်ကျင့်မှုများရှိသည်ဆိုသည့်အတွက် ကမ္ဘောဒီးယားလုပ်သား ၂၀၀၀၀၀ ကျော်အထိ ပြည်တော်ပြန်ကြသည်ဟု ကမ္ဘောဒီးယားဘက်မှ ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုင်းအလုပ်သမားဝန်ကြီး ပေါင်ကာဝန်က မျိုးချစ်စိတ်ကြောင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသားများအကြား အနည်းငယ်သော ပုဂ္ဂိုလ်ချင်း ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့သော်လည်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား မည်သည့် ပဋိပက္ခမျှ မရှိကြောင်း၊ မည်သည့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုမျှ မရှိကြောင်း ဆိုသည်။
ကမ္ဘောဒီးယား အစိုးရဘက်မှ ဆိုသလို အလုပ်သမား ၂၀၀၀၀၀ ကျော် ပြည်တော်ပြန်သွားသည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ၂၀၀၀၀ ကျော်သာ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နေရာတွင် လုပ်ငန်းလိုအပ်ချက်အရ သီရိလင်္ကာမှ အလုပ်သမားများကို MOU စာချုပ်စနစ်ဖြင့် ခေါ်ယူအစားထိုးရန် စီစဉ်နေခြင်းဖြစ်ကာ ကနဦး စတင်သည့် အဆင့်သာရှိသေးသည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအလုပ်သမားများ ပြည်တော်ပြန်ခြင်းကြောင့် ထိုင်းရှိလုပ်ငန်းများ မထိခိုက်စေရန် အလုပ်သမားဖူလုံရေးကဏ္ဍအတွက် ဘတ် ၁၅၇ ဘီလီယံ ဘတ်ဂျက်လျာထားပေးမည်ဟုလည်း သိရှိရသည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ရွှေ့ပြောင်းလုပ်သား
#ကမ္ဘောဒီးယား
#သီရိလင်္ကာ








